၂၂. ၁၁.၂၀၂၂
Written By A Thaung
မြောက်ဒဂုံမြို့နယ်၊ ၃၃ ရပ်ကွက်ရှိ ထိန်ထိန်ဝင်းသဲကွင်းအနီးတွင် အမျိုးသမီးရုပ်အလောင်းတစ်ခုတွေ့ခဲ့ပြီး နောက်တနေ့တွင် အမျိုးသားရုပ်အလောင်းတစ်ခုထပ်မံတွေ့ခဲ့ကြောင်း အဆိုပါနေရာသို့ရောက်ရှိနေသည့် လူမှုကူညီရေးအသင်း အသင်းသားတစ်ဦးကပြောသည်။
အမျိုးသားရုပ်အလောင်းအား နိုဝင်ဘာ ၂၁ ရက် ညနေ ၃ နာရီ ခန့်အချိန်တွင် အမျိုးသမီးရုပ်အလောင်းတွေ့ခဲ့သည့် သဲသင်္ဘောများကျောက်ချရပ်နားထားသည့် အမှိုက်ပုံဘေးမှာပင် တွေ့ရကြောင်း ၎င်းကပြောသည်။
“အမျိုးသားအလောင်းခဗျ။ တော်တော်တော့ ပုပ်ပွနေပြီ။ ခန့်မှန်းချေအရဆိုရင် ရေထဲမှာ ဆယ်ရက်လောက်ရှိနေပြီ။ မနေ့ကတွေ့တဲ့ အမှိုက်ပုံအောက်နားမှာပဲ ကပ်နေတာပါ။ ပုတ်စော်နံနေလို့ ပတ်ဝန်းကျင်ကသတင်းပေးလို့ ကမ်းကပ်အောင်ဆွဲလာခဲ့ရတာပါ” ဟု ၎င်းကပြောသည်။
အဆိုပါရုပ်အလောင်းမှာ ခန့်မှန်းချေအားဖြင့် အသက် ၄၀ ဝန်းကျင်ခန့်ရှိနိုင်ပြီး မည်သူဖြစ်ကြောင်း ခန့်မှန်းရခက်ခဲနေသည်ဟု သိရသည်။