၁. ၁၂. ၂၀၂၃
Written by Nay Moe
မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းကို ကျောင်းစောင့်လုပ်ကိုင်နေ သူက မိုင်းထောင်ဖောက်ခွဲဖို့ပြုလုပ်ချိန် ပေါက်ကွဲမှုဖြစ်ပွားလို့ မိုင်းခွဲတဲ့ကျောင်းစောင့် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရပါတယ်။
ဖြစ်စဉ်ဟာ နိုဝင်ဘာ ၂၈ ရက် ည ၁၂ နာရီ ၅၀ မိနစ်မှာ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ အမှတ်(၃)အခြေခံပညာအလယ်တန်း ကျောင်းအတွင်းရှိ ၄ ခန်းတွဲနှစ်ထပ် စာသင်ကျောင်းဆောင်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်နေကြောင်းသတင်းအရ လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်ပူးပေါင်းအဖွဲ့က မီးသတ်ယာဉ်တစ်စီးနဲ့ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်ခန့် အကြာ မီးငြိမ်းသွားခဲ့ပေမဲ့ ပေါက်ကွဲမီးလောင်မှုကြောင့် အဆိုပါ စာသင်ဆောင်ဒုတိယထပ်ရှိ ရေသန့်စက်နဲ့ အမိုးမျက်နှာကြတ် အနည်းငယ်မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ရေသန့်စက်အနီးမှာ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်နေ ကျောင်းစောင့်ဇင်မင်းလတ် (၃၆)နှစ်ဟာ ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာ၊ ဝဲ/ယာလက်မောင်း၊ ဝဲပေါင်၊ ယာခြေသလုံး ပြတ်သည့်ဒဏ်ရာတွေနဲ့ သေဆုံးနေသလို သူ့ဝမ်းဗိုက်အောက်က မပေါက်ကွဲသေးတဲ့ လက်လုပ်ရီမုမိုင်းတစ်လုံး ထပ်မံတွေ့ရှိရလို့ သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
ကနဦးသတင်းတွေအရ ဒီဖြစ်စဉ်မှာ ကျောင်းစောင့် ဇင်မင်းလတ်ကို စာသင်ကျောင်းမိုင်းခွဲဖို့ ခိုင်းစေသူက CDM ပြုလုပ်ထားတဲ့ မြို့နယ်ဒုတိယပညာရေးမှူးဆိုသူဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုမျိုး ကလေးသူငယ်တွေ ပညာသင်ကြားနေတဲ့ စာသင်ကျောင်း ဆောင်ပေါ် လက်လုပ်မိုင်းထောင်ချိန် ပေါက်ကွဲမှုဖြစ်လို့ သေဆုံးခဲ့တဲ့ တရားခံ ဇင်မင်းလတ်အလောင်းကို ရေးခရိုင်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ပူးပေါင်းပါဝင်ပတ်သက်သူတွေကို စုံစမ်းဖော်ထုတ်အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။