October 30, 2024

၂၂-၁၁-၂၀၂၂
Written by Pan Ei

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားကျွန်း၌ နိုဝင်ဘာ ၂၁ ရက်နေ့က ငလျင်လှုပ်ခတ်ပြီးနောက် အနည်းဆုံး လူ ၁၆၂ ဦး သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရရှိကာ အပျက်အစီးများကြား ပိတ်မိနေသူများကို ကယ်ဆယ်ရေးသမားများက ကယ်ဆယ်ရန် ကြိုးပမ်းနေကြရကြောင်း တာဝန်ရှိသူများက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါငလျင်၏ ဗဟိုချက်သည် အင်ဒိုနီးရှားနိုင်ငံ၏ လူဦးရေအများဆုံးပြည်နယ်ရှိ စီအန်ဂျာ(Cianjur) မြိုအနီးတွင် ဖြစ်ပြီး ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိခဲ့သည်။ သေဆုံးသူ အများစုသည် အဆောက်အအုံများ ပြိုကျမှုကြောင့် ဖြစ်သည်ဟု အင်ဒိုနီးရှား မိုးလေဝသနှင့် ဘူမိရူပဗေဒဌာနအကြီးအကဲ Dwikorita Karnawati ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တနင်္လာနေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အနည်းဆုံး လူ ၁၆၂ ဦး သေဆုံးခဲ့ကြောင်း၊ အများစုမှာ ကလေးငယ်များဖြစ်ပြီး လူ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူနှင့် သေဆုံးသူအရေအတွက်သည် ထပ်တိုးလာနိုင်ကြောင်း” အနောက်ဂျာဗား ပြည်နယ်အုပ်ချုပ်ရေးမှူး Ridwan Kamil က ပြောကြားခဲ့သည်။

“ငလျင်ကြောင့် ရွာတွေမှာ လမ်းတွေ ပျက်စီးနေပြီး နေ့လည် ၁ နာရီလောက် ကလေးတွေ ကျောင်းတက်နေတဲ့အချိန်မှာ လှုပ်ခတ်ခဲ့တာကြောင့် ကလေးအများစု သေဆုံးခဲ့ရတာပါ” ဟု အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီ (Basarnas) အကြီးအကဲ Henri Alfiandi က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံ၏ မြိုတော် ဂျကာတာ၏ ၇၅ ကီလိုမီတာခန့်အကွာတွင် ပြင်းထန်စွာ လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်ကြောင့် အနည်းဆုံး အိမ်ခြေ ၂၂၀၀ ပျက်စီးကာ လူပေါင်း ၅၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပြီး အချိုနေရာများတွင် လျှပ်စစ်မီးပြတ်တောက်မှုများ ကြုံနေရကာ ကယ်ဆယ်ရေးသမားများက ပိတ်မိနေသူများကို ကယ်ဆယ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

၂၀၀၄ ခုနှစ်တွင်လည်း အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း ဆူမတြားကျွန်းအနီးတွင် ပြင်းအား ၉ ဒသမ ၁ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ရာ အဆိုပါငလျင်ကြောင့် နိုင်ငံပေါင်း ၁၄ နိုင်ငံတွင် ဆူနာမီဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၂၆,၀၀၀ ခန့် သေဆုံးခဲ့ကာ သေဆုံးသူများအနက် ထက်ဝက်ကျော်မှာ အင်ဒိုနီးရှားနိုင်ငံမှဖြစ်သည်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *