MT News
၂၈. ၁၁. ၂၀၂၃
လာမည့် ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ရုရှားနိုင်ငံ၏ ထုတ်လုပ်ရေးလုပ်ငန်း ၈ ခု ဦးဆောင် ပါဝင်မည့် နယ်ပယ်ပေါင်းစုံပါဝင်သော စီးပွားရေးမစ်ရှင်တစ်ခုကို ရန်ကုန်မြို့ Panpacific Hotel တွင် ကျင်းပမည်ဖြစ်ကြောင်း ရုရှားနိုင်ငံပို့ကုန်လုပ်ငန်းစင်တာက ယနေ့ထုတ်ပြန်လိုက်သည်။
အဆိုပါ စီးပွားရေးမစ်ရှင်ကို မြန်မာနိုင်ငံရှိ ရုရှားကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့၏ အကူအညီဖြင့် ရုရှားနိုင်ငံပို့ကုန်စင်တာ (VEB.RF အုပ်စု) က စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။ မစ်ရှင်တွင် ပါဝင်လာမည့် ကုမ္ပဏီများသည် သတင်းအချက်အလက်နည်းပညာဆိုင်ရာနယ်ပယ်၊ စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာနယ်ပယ်နှင့် မော်တော်ယာဉ်တည်ဆောက်ရေးနယ်ပယ်ဆိုင်ရာများ၏ ထုတ်ကုန်များနှင့် လုပ်ဆောင်ချက်များကို တင်ပြသွားမည်ဖြစ်သည်။
စီးပွားရေးမစ်ရှင်ကျင်းပရာတွင် ရုရှားနိုင်ငံမှ ကုမ္ပဏီများသည် မြန်မာနိုင်ငံမှ အလားအလာရှိသော မိတ်ဖက်ကုမ္ပဏီများနှင့် မျှော်မှန်းဆွေးနွေးပွဲပေါင်း ၁၀၀ ခန့် ဆွေးနွေးသွားရန် စီစဉ်ထားသည်။
အလားတူပင် ဒီဇင်ဘာလ ၅ ရက်နေ့တွင် “ရုရှား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေး အဓိကအချက်အလက်များ” ခေါင်းစဉ်ဖြင့် သက်ဆိုင်ရာကိုယ်စားလှယ်များနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံအကြား အလားအလာကောင်းများ တည်ဆောက်ရေးနှင့် ပိုမိုလေးနက်စေရေး အတူတကွ ပူးတွဲလုပ်ဆောင်နိုင်မှုများကို အလုပ်သဘောဆွေးနွေးပွဲ ကျင်းပသွားမည်ဖြစ်သည်။
၂၀၂၃ ခုနှစ်သည် ရုရှား-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်ပြည့် အထိမ်းအမှတ်လည်းဖြစ်သည်။ ယခု စီးပွားရေးမစ်ရှင်သည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး-စီးပွား ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေသည့် ခြေလှမ်းတရပ်လည်း ဖြစ်လာမည်ဖြစ်သည်။
စီးပွားရေးမစ်ရှင်တက်ရောက်လိုသူများ စာရင်းပေးသွင်းနိုင်မည့်လင့်ခ်ကို MT News သတင်းဌာန၏ တယ်လီဂရန်တွင် ရယူနိုင်မည်ဖြစ်သည်။
https://docs.google.com/forms/d/e/1FAIpQLSeWPG-PvhDv1Cg1AcO71FCKdY3-L0VU1QwP_RETwLsjZgOK8g/viewform