၂၈. ၁၁. ၂၀၂၃
Written by Nyein Kyaw
မြန်မာ- တရုတ် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီး၍ နီးကပ်စွာဆက်ဆံနေချိန်တွင် နှစ်နိုင်ငံဆက်ဆံရေးကို အနှောင့်အယှက် ဖြစ်စေနိုင်သည့် စကားလုံးများဖြင့် NUG က တိုက်ခိုက်ပြောဆိုနေသည့်အတွက် ပြည်သူလူထုအနေဖြင့် သတိရှိစွာ ဆောင် ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားသည်။
NUG အဖွဲ့ဝင်များအနေဖြင့် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် သံခင်းတမန်ခင်းအရ ဆက်သွယ် ဆောင်ရွက်သည့်အချိန်တွင် မြန်မာစစ်တပ်၏ လူမျိုးရေး သွေးထိုးမှုကို သတင်းမက်ဆေ့ချ်ပေးရန် လိုအပ်ကြောင်း၊ ပြည်တွင်း ၌လည်း လူမျိုးရေး သွေးခွဲမှု၊ ဘာသာရေးမှိုင်းတိုက်မှုများကို လုပ်ဆောင်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ဆောင်ရွက်နေသလို တရုတ်နှင့် လူမျိုးရေးသွေးထိုးကာ တရုတ်ဆန့်ကျင်ရေးဖြစ်ပေါ်လာအောင် ဆောင်ရွက်နေကြောင်း နိုဝင်ဘာ ၂၈ ရက် (ယနေ့)တွင် ပြုလုပ်သည့် NUG ၏ ၃၇ ကြိမ်မြောက်အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ခြင်းဖြစ်ပြီး ထိုသို့ပြောခဲ့မှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံအစိုးရနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနဲ့ အစိုးရချင်းရင်းနှီးစွာ နီးကပ်စွာ ဆက်ဆံလျက်ရှိပြီး တပ်မတော်နှစ်ရပ်အနေနဲ့လည်း ရင်းနှီးစွာ၊ နီးကပ်စွာ ဆက်ဆံဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဒီနေ့မှာတော့ ဒါ NUG အကြမ်းဖက်အဖွဲ့က သမ္မတအမည်ခံပုဂ္ဂိုလ်က တရုတ်နဲ့ မြန်မာ ချစ်ကြည်ရေးမှာ အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ တရုတ်နဲ့ မြန်မာ ချစ်ကြည်ရေးမှာ အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ တရုတ်နဲ့ မြန်မာ ချစ်ကြည်ရေးကို ထိခိုက်အောင် ဆောင် ရွက်လာတဲ့ စကားမျိုးတွေ ပြောလာတာကို တွေ့ရပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ နှစ်နိုင်ငံလုံးနဲ့ နှစ်နိုင်ငံလုံးရဲ့ ပြည်သူလူထုနှစ်ရပ်လုံးက သတိရှိစွာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့သည် နီးကပ်စွာ၊ ရင်းနှီးစွာ ဆက်ဆံနေတဲ့ အိမ်နီးနားချင်းနိုင်ငံများဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကို သမိုင်းအစဉ်အဆက် လေးစားလိုက်နာပြီး မဟာဗျူဟာမိတ်ဖက်နိုင်ငံများ၊ ဆွေမျိုးပေါက်ဖော်နိုင်ငံများဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်း ချစ်ကြည်ရေးနှင့် လေ့လာရေးခရီးစဉ်များအတွက် တရုတ် တပ်မတော် (ရေ)၏ စစ်သည်အင်အား ၇၀၀ ခန့် ပါရှိသည့် စစ်သင်္ဘော ၃ စီး ရန်ကုန်မြို့သို့ နိုဝင်ဘာ ၂၇ ရက် နေ့လည်ပိုင်းတွင် ရောက်ရှိခဲ့ပြီး ယနေ့တွင် စစ်ရေယာဉ်ပေါ် ပါလာသည့် စစ်သည်များအနေဖြင့် ရန်ကုန်မြို့အတွင်း လေ့လာခြင်းနှင့် ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်မှုများအတွက် ဆွေးနွေးမှုများပြုလုပ်ခြင်း၊ မြန်မာရေတပ်မှ စစ်သည်များက တရုတ်စစ်သင်္ဘာများပေါ်သို့ တက်ရောက်လေ့လာခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အထက်ပါအချက်များအပြင် ယနေ့တွင်လည်း မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် အောင်ပန်းချောင်းကျေးရွာက အထက်တန်းပြ ကျောင်း ဆရာမတစ်ဦးကို NUG လက်အောက်ခံ PDF များက ရွာအတွင်းဝင်ရောက် ဖမ်းဆီးပြီး လည်-လှီး သ-တ် ဖြ-တ်ခဲ့မှုဖြစ်ပွားခဲ့ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။