၂၉. ၁၁. ၂၀၂၃
Written by Nay Moe
PDF တွေအနေနဲ့ ရှေ့တန်းနောက်တန်းစစ်မျက်နှာမှာ ပြည်သူတွေရဲ့ပစ္စည်းကို ခိုးဝှက်ရောင်းချ အလွဲသုံးစားမလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို (DMO-Local PDF) က တရားဝင် တားမြစ်စာ ထုတ်လာပါတယ်။
၁၁၁၁ စစ်ဆင်ရေးဆိုပြီး ကယားပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲလာနေချိန်မှာ မယ်စဲ့လိုမြို့ငယ်လေးကို သိမ်းထားပြီလို့ ကယားလက်နက်ကိုင်တွေ ပြောလာသလို လွိုင်ကော်ကိုလည်း တိုက်နေတာကြောင့် ပြည်သူတွေက ထွက်ပြေးနေရပြီး သိမ်းထားတဲ့မြို့တွေမှာ ကယားလက်နက်ကိုင်တွေပဲနဲ့ PDF ပဲ ကျန်နေချိန် ပြည်သူ့အိမ်တွေ ဖောက်ဝင်ခိုးယူအလွဲသုံးစားလုပ်တာတွေ ကြုံလာ၊ ဝေဖန်လာတာတွေကြောင့် အရင်လိုလွှဲချမရတော့ချိန်မှာ တကယ်ဖြစ်နေတာတွေ ရပ်တန့်ဖို့ တားမြစ်စာထုတ်လာတာပါ။
PDF တွေ ပြည်သူ့ပစ္စည်းမခိုးဖို့ တားမြစ်စာမှာဆို “၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးမှ စတင်ပေါ်ပေါက်လာခဲ့သော မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆို(DMO-Local PDF)သည် ပြည်သူလူထုထောက်ခံမှုဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ၏ လမ်းညွှန်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော တပ်ဖွဲ့တစ်ခု ဖြစ်သည်။ မိမိတို့ DMO-Local PDF တပ်ဖွဲ့ဝင်ရဲဘော်များအားလုံးသည် အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားသည့် စစ်ဖက်ဆိုင်ရာကျင့်ဝတ်များကို လေးစားလိုက်နာရမည်ဖြစ်သည့်အပြင် နိုင်ငံတကာဥပဒေများကိုလည်း လေးစားလိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်နှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးရမည် ဖြစ်သည်”လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် “ထို့ကြောင့် DMO-Local PDF တပ်ဖွဲ့ဝင်များအားလုံး ရှေ့တန်းစစ်မြေပြင်၌သော်လည်ကောင်း၊ နောက်တန်းပံ့ပိုးရန်၌လည်းကောင်း၊ ပြည်သူလူထု၏ ခွင့်ပြုချက်မရဘဲ ပြည်သူတစ်ဦးတစ်ယောက်ပိုင် ပစ္စည်းများကိုသော်လည်းကောင်း၊ အများပြည်သူပိုင် ပစ္စည်းဥစ္စာသော်လည်းကောင်း ခိုးယူသိုဝှက်သုံးစွဲ ရောင်းချခြင်း အလွဲသုံးစားပြုလုပ်ခြင်း လုံးဝ မပြုလုပ်ရန်နှင့် ပြည်သူ လူထု ငြိုငြင်စေသောလုပ်ရပ်များကို ရှောင်ကြဉ်ကြရန် လေးနက်စွာ အသိပေးပါသည်”လို့လည်း အတိအကျတားမြစ်ထားပါတယ်။
အဲဒါအပြင် DMO-Local PDF တွေဟာ ရဲဘော်တစ်ဦးချင်း လိုက်နာရမယ့်ကျင့်ဝတ်တွေကို လေးစားစွာ လိုက်နာဆောင်ရွက်သွားကြဖို့နဲ့ လိုက်နာဆောင်ရွက်မှုမရှိရင် စည်း မျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ပါ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) ရဲ့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။