၂၈. ၁၁. ၂၀၂၃
Written by Phyo Wei
ကယားလက်နက်ကိုင်တွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လွိုင်ကော်တက္ကသိုလ်က ဓားစာခံ ၂၀၀ ကျော်ထဲက ၁၀၃ ဦးကို ဖိအားပေးခြိမ်းခြောက် ခံဝန်ထိုးခိုင်းပြီးမှ ပြန်လွှတ်လိုက်တဲ့ ဒီရက်သတ္တပတ်မှာ ၁၀၂၇ စစ်ဆင်ရေးအပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၁၁၂၇ စစ်ဆင်ရေးလုပ်မယ်ဆိုပြီး ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့မှာ ပြည်သူတွေအပြင်မထွက်ရဲအောင် ခြောက်လှန့်ခဲ့မှုဖြစ်စဥ်တွေ မြင်ခဲ့ရပါတယ်။
တစ်ဖက်မှာလည်း ပင်းပက်သံမဏိစက်ရုံမှာ လက်နက်နဲ့နျူကလီးယားထုတ်တာတွေ၊ အမျိုးသမီးငါးဦးတိုင်းမှာ တစ်ဦးက အကြမ်းဖက်ခံနေရတာ၊ အမျိုးသမီးတွေရဲ့ ၆၈ ရာခိုင်နှုန်းက မလုံခြုံမှုခံစားနေရတာ၊ မြန်မာနိုင်ငံမှာပိတ်မိနေတဲ့ အာဆီယံနိုင်ငံသားတွေကို မိခင်နိုင်ငံဆီပြန်ပို့ပေးဖို့ အာဆီယံဝန်ကြီးတွေတောင်းဆိုတာ စတဲ့ဖြစ်စဥ်အများအပြားရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ အားလုံးပါဝင်တဲ့ဆွေးနွေးပွဲဖြစ်လာဖို့ အင်ဒိုနီးရှားထုတ်ပြန်တဲ့အကြောင်း၊ မြန်မာ့နယ်စပ်မှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်တဲ့ အခြေအနေနဲ့ ပေါ်တာဆွဲတယ်လို့ ထွက်ပေါ်လာတဲ့အခြေအနေတွေအကြောင်း တင်ပြချင်ပါတယ်။
◾ အင်ဒိုနီးရှားထုတ်ပြန်ချက်
နိုဝင်ဘာ ၂၀ ကနေ ၂၂ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ အင်ဒိုနီးရှားအစိုးရ ဦးဆောင်မှုနဲ့ အာဆီယံအထူးသံတမန်ရုံးက ဒီမိုကရေစီလိုလားသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ SAC အစိုးရမပါဝင်ပေမဲ့ ကြားခံဆက်သွယ်နိုင်သူတချို့နဲ့ ဆွေးနွေးအပြီး မကြာမီမှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်လာဖို့ အပြုသဘောဆောင်တဲ့ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားဟာ သူ့ရဲ့လက်ကျန်သက်တမ်းကာလအတွင်းမှာ မြန်မာ့အရေးကြိုးပမ်းမှုရလဒ်ကောင်းတစ်ခုရအောင် ကြိုးစားနေသလို အင်ဒိုနီးရှားနိုင်ငံက နိုင်ငံရေးလေ့လာသူတွေကလည်း တရုတ်နဲ့ပေါင်းပြီး မြန်မာ့နိုင်ငံအပေါ် ဖိအားပေးဖို့တိုက်တွန်းနေချိန်မှာ အင်ဒိုနီးရှားအစိုးရ ဦးဆောင်မှုနဲ့ အာဆီယံအထူးသံတမန်ရုံးက မြန်မာနိုင်ငံက သက်ဆိုင်သူ (Stakeholders) တွေနဲ့ ထိတွေ့ဆက်ဆံခဲ့တာပါ။
ဒါပေမဲ့လည်း NUG ကတော့ သူဟာ အာဆီယံနဲ့ပဲ သီးသန့်တွေ့ဆုံ ဆွေးနွေးဆက်ဆံနေပြီး SAC ရဲ့ ကိုယ်စားလှယ်တွေနဲ့ မတွေ့ဘူးဆိုတာ၊ အာဆီယံက မူငါးချက်အကောင်အထည်ဖော်နေပေမဲ့ တွေ့ဆုံဆွေးနွေးမှုတိုက်တွန်းလာချိန်တိုင်း “ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အာမခံချက်မရှိဘဲ၊ ပြည်သူ့သဘောထားကို အခြေမခံဘဲ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ မဟာမိတ်များ၏ သဘောထားဆန္ဒမပါဘဲ၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအား အပြည့်အဝ ကျင့်သုံးနိုင်မည့် အခြေအနေအပေါ် အာမခံချက်မရှိဘဲ မည်သည့်ဆွေးနွေးမှုကိုမျှ ပြုလုပ်ရန် အလျဉ်းမရှိပါ ”ဘူးလို့ NUG က သဘောထားမှတ်ချက်ပေးထားတယ်လို့လည်း ငြင်းဆိုခဲ့ပါတယ်။
စစ်ဘောင်ကျယ်လာချိန်တိုင်းမှာ နိုင်ငံရေးဘောင်ဟာ ကျဥ်းလာတတ်စမြဲဖြစ်ပြီး အရင်စစ်ရေးမသာခင်တုန်းကတော့ ယာယီသမ္မတဒူဝါလရှီးလကိုယ်တိုင် SAC နဲ့ ဆွေးနွေးဖွယ်ရှိတာမျိုး ပြောခဲ့ပေမဲ့လည်း မြောက်ပိုင်းသုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကိုမှီပြီး မြို့ ၁၀ မြို့ကျော် သိမ်းနိုင်လာပြီလို့ထုတ်ပြန်နိုင်ချိန်မှာ NUG ဟာ လေသံမာလာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း လက်ရှိသိမ်းထားနိုင်တယ်ဆိုတဲ့မြို့တွေဟာ မြန်မာ့မြို့ ၄၀၀ ကျော်ရဲ့ ၂ ရာခိုင်နှုန်းလောက်ပဲရှိသလို သိမ်းထားတဲ့မြို့အများစုဟာ ပြည်သူမရှိတဲ့မြို့ပျက်ဖြစ်သွားပြီမို့လို့ ဒီတိုက်ပွဲတွေက တကယ်နိုင်သလား။ ပြည်သူတွေပဲအိုးပျက်အိမ်ပျက် အသက်နဲ့ဘဝပျက်တာပဲအဖတ်တင်နေလားဆိုတာကိုတော့ အသိဉာဏ်ရှိသူတိုင်း ချိန်ဆတတ်ဖို့လိုအပ်မှာပါ။
◾ မြန်မာ့နယ်စပ် စစ်ရေးလေ့ကျင့်တဲ့ တရုတ်
“တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်းစစ်ဒေသကြီးရဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။ လုပ်ဆောင်မယ့်နေရာကတော့ တရုတ်-မြန်မာနိုင်ငံနယ်စပ်ဒေသမှာ ဖြစ်ပါတယ်။ လုပ်ဆောင်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်မြေဒေသလုံခြုံအေးချမ်းရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်တယ်ဆိုတာကို မြန်မာနိုင်ငံဘက်ကို အကြောင်းကြားလာပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ မူဝါဒအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒအပေါ်မှာ ရပ်တည်လျက်ရှိပြီးတော့ မြန်မာ့တပ်မတော်နဲ့အတူ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို အမြဲတမ်းလက်တွဲဆောင်ရွက်သွာမှာဖြစ်ကြောင်း အကြောင်းကြားလာပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း တရုတ်နိုင်ငံနဲ့အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကို လိုက်နာပြီး နေထိုင်ဆောင်ရွက်လျက်ရှိပါတယ်။ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။
ဒီလိုမျိုး တရုတ်နိုင်ငံ တောင်ပိုင်းစစ်ဒေသကြီးအနေနဲ့ တရုတ်-မြန်မာနယ်စပ်ဒေသမှာ နိုဝင်ဘာ ၂၅ ရက်ကစလို့ ပုံမှန်စစ်ရေးလေ့ကျင့်မှုတွေ ဆောင်ရွက်သွားမဲ့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်(ရေ)ရဲ့ ရေတပ်စစ်သင်္ဘောတွေလည်း မြန်မာနိုင်ငံဆီ ချစ်ကြည်ရေးခရီးစဉ်အဖြစ် မကြာခင် လာရောက်မှာ ဖြစ်သလို တရုတ်စစ်တပ်ကလည်း မြန်မာနိုင်ငံကပစ်ခတ်မှုတွေ ချက်ခြင်းရပ်စဲဖို့ တောင်းဆိုလိုက်တာ တွေ့ရပါသေးတယ်။
ဒီနေရာမှာစဥ်းစားစရာက မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးကို တရုတ်အသည်းအ သန်အလိုရှိနေတဲ့ ကျားဖြန့်ဂိုဏ်းတွေနှိမ်နင်းမယ်ဆိုပြီး စခဲ့တာ အခုဆိုတရုတ်ရာဇဝတ်သား ၄၀၀၀၀ နီးပါးဖမ်းမိ လွှဲပြောင်းပြီးတဲ့အပြင် မြို့ ၁၀ မြို့ကိုလည်း မြောက်ပိုင်းသုံးဖွဲ့က သိမ်းသွားပါပြီ။ ဒီလိုမျိုးအခြေအနေကြမှ တိုက်ပွဲတွေရပ်ပါလို့ပြောလာတာဟာ MNDAA ကိုလည်း သိမ်းထားတဲ့မြို့တွေပေးလိုက်၊ TNLA ကိုလည်း နမ့်ခမ်းယူ၊ AA အတွက်လည်း ရခိုင်မှာ စစ်နယ်မြေပေးလိုက်ဆိုတာမျိုး ဖြစ်သွားမလား တွေးဆစရာပါ။ သေချာတာကတော့ ဒီလိုအခြေအနေဟာ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က စစ်ရေးအသာစီးရသွားတော့မယ်ဆိုတာ ပြဆိုနေပြီပြောရမှာဖြစ်သလို အစရှိနောက်နောင်ဖြစ်လာရင်ရော ဘယ်လိုထိန်းချုပ်မလဲ မေးခွန်းထုတ်ရတော့မှာပါ။
◾ ပေါ်တာ
ရန်ကုန်မှာ ည ၈ နာရီ ကျော်ရင် ပေါ်တာဆွဲတယ်လို့ လူမှုကွန်ရက်တွေကနေ ဖွနေကြတာနဲ့ ဒီရက်ပိုင်းတွေအတွင်း လူပျောက်များနေတာကြောင့် လူထုကြားမှာကြောက်လန့်မှုဖြစ်ပြီး ည ၈ နာရီကျော်တာနဲ့ လမ်းပေါ် လူပျောက်တဲ့အထိဖြစ်လာပါတယ်။ ဒီအဖြစ်တွေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ “ကောလာဟလသတင်းတွေပေါ့။ ဘယ်လောက်အထိလုပ်လဲဆိုတော့ ရန်ကုန်မှာဆိုရင် ပေါ်တာဆွဲနေပြီဆိုတဲ့ သတင်းမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နေတာမျိုး။ ဒါတွေ့ရှိပါတယ်။ ပြည်ဖျက်မီဒီယာများအနေနဲ့လည်း ဒီသတင်းကိုပဲ မနေ့ကစပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နေတာတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ ဒေသခံတွေကို မေးကြည့်လည်းသိပါတယ်။ အားလုံးသိပြီးလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်နိုင်လုံးမှာ ဘယ်နေရာမှာမှ တပ်မတော်အနေနဲ့ ဒီလိုအလုပ်မျိုးလုပ်စရာအကြောင်းမရှိပါဘူး။ တပ်မတော်အနေနဲ့ စစ်မှုထမ်းဟောင်းများ၊ ရဲမှုထမ်းဟောင်းများကိုပင် ဆင့်ခေါ်ခြင်းမရှိဘူးဆိုတာ ကျွန်တော်တို့ ပြောလိုပါတယ်။ ပြည်သူလူထုအနေနဲ့ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ကြောင်း အသိပေး ပြောကြားလိုပါတယ်”လို့ ဖြေရှင်းခဲ့တာ တွေ့ရပါတယ်။
ရန်ကုန်မှာပေါ်တာဆွဲမှုမရှိဘူးဆိုတာကတော့ တန်ဆောင်တိုက်ညက သက်သေပါပဲ။ လမ်းပေါ်မှာ ည ၁ နာရီ ၂ နာရီအထိ ပံသုကူရှာနေသူတွေမြင်ရသလို လာတဲ့ကားတွေတားပြီး ပိုက်ဆံကြဲခိုင်းနေတဲ့ ထောင်သောင်းချီလူတွေဟာ လမ်းမပေါ်မှာ တစ်ညလုံးရှိနေခဲ့တာပါ။
အခြားတစ်ဖက်မှာလည်း ဒီရက်ပိုင်းတွေအတွင်းမှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာဖြစ်သလို သိမ်းထားနိုင်တဲ့မြို့တွေ၊ စခန်းကုန်းတွေကို လက်မလွှတ်ရဖို့အတွက် MNDAA၊ TNLA၊ AA၊ KIA၊ PDF စတဲ့ လက်နက်ကိုင်တိုင်းဟာ လူသစ်အများအပြား စုဆောင်းနေပါတယ်။ MNDAA ဆိုရင် ဟေမိုးလုံသာသနာပြုကျောင်းက သံဃာ ၂၆ ပါးကို ဖမ်းဆီးပြီး သံဃာ ၄ ပါးကို လူဝတ်လဲ အဓမ္မစစ်သားစုဆောင်းခဲ့သလို KIA ဆိုရင်လည်း အဝေးသင်ကျောင်းသား ဆယ်ရာချီကို ပြီးခဲ့တဲ့လပိုင်းထဲမှာ ဖမ်းဆီးပြီး စစ်သားစုဆောင်းခဲ့ပါသေးတယ်။ ပိုဆိုးတာက MNDAA ပါ။ အစကတည်းက သူ့မှာစစ်သားမရှိလို့ မောင်ဆောင်းခရဲ့ BPLA နဲ့ NUG ရဲ့ မန္တလေး PDF ကို စစ်ကူခေါ်တိုက်ထားရတာပါ။ ဒီနှစ်ဖွဲ့က အချိန်တန်လို့ သူ့ဌာနေသူပြန်ရင် MNDAA အတွက် ရှိတဲ့လူအင်အားနဲ့ ရထားတဲ့မြို့တွေ စခန်းကုန်းတွေ ထိန်းချုပ်ဖို့ မလွယ်ပါဘူး။ ဒါကြောင့်မို့လို့ မုံးကိုးနဲ့ သူရထားတဲ့ ဒေသတွေမှာ ၁၆ နှစ်ပြည့်ရင် တစ်အိမ်တစ်ယောက်စစ်သားစုနေသလို ယောကျ်ားလေးဆိုရင် သံဃာပါမရှောင် အသက် ၁၂ နှစ်လောက်ကိုပါ အဓမ္မစစ်သားစုနေရတဲ့အခြေအနေဖြစ်နေတာပါ။ နယ်မြေမတည်ငြိမ်တဲ့ဒေသတွေမှာ PDF ကလည်း သူ့ဒေသက လူတွေကို လက်နက်ကိုင်ခိုင်းသလို တခြား လက်နက်ကိုင်တွေဟာလည်း ထပ်တူပါပဲ။ သေချာတာကတော့ ပေါ်တာဆိုပြီး တစ်ဖွဲ့တည်းကိုပြောနေပေမဲ့လည်း လက်နက်ကိုင်အဖွဲ့ ၆၀၀ ကျော် ဖြစ်လာတဲ့ မြန်မာနိုင်ငံမှာ စစ်သားစုဆောင်းတာ၊ စစ်မှုထမ်းခိုင်းတာ၊ လက်နက်မကိုင်ရင် သူလျှို၊ ဒလန်ဆိုပြီး သမုတ်ပြီး သတ်ဖြတ်တာတွေကလည်း ပေါ်တာဆိုတဲ့ ခေါင်းစဉ်အောင် ရောက်နေတာဖြစ်ပြီး ဒီလိုမျိုး ပေါ်တာဆွဲတာတွေ မနှစ်သက်ဘူးဆိုရင်တော့ ဘယ်သူ့အတွက်မှ အကျိုးမဖြစ်တဲ့ စစ်ကို ရပ်ဖို့ပဲ ကြိုးစားပါလို့ သုံးသပ်ရင်းနဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။