MT News
Written by Naing Thuta
မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံ ကျောင်းများအသီးသီးတို့၌လည်း ယမန်နေ့ကျောင်းစဖွင့်ရက်တွင် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျှက်ရှိကြောင်း သိရသည်။
“ဒီနေ့ ကျောင်းစတက်တဲ့ ဦးရေကတော့ ၇၀ ရာခိုင်နှုန်းလောက်တော့ လာတက်ကြပါတယ်။ ကျောင်းသားသစ်တွေလည်း တော်တော်များများ လာတက်တာကိုလည်းတွေ့ရပါတယ်”ဟု ရတနာပုံတက္ကသိုလ်မှ ဆရာမတစ်ဦးက ဆိုသည်။
နိုဝင်ဘာ၂၁ ရက်တွင် ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ် အတွက် ပထမနှစ်၊ ပထမနှစ်ဝက်သင်တန်းသို့ စတင်တက်ရောက်ကြမည့် ကျောင်းသား/သူများအား ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်/ကောလိပ်ကျောင်းများ ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များ၊ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆေးပညာနှင့်သတ်ဆိုင်သော တက္ကသိုလ်များအားလုံးအသီးသီးတို့သည် ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။
” ဆယ်တန်းအောင်ပြီးပြီးချင်း ကျောင်းဆက်တက်ချင်နေတာ။ ဖြစ်ချင်တဲ့ဆန္ဒအတိုင်း တက်ရောက်ခွင့်ရလို့ ပျော်မိတယ်။ ရှေ့နှစ်တွေကလို ကိုဗစ်နဲ့နိုင်ငံရေးဖြစ်လို့ မတက်ရတာမျိုးဖြစ်မှာ အရမ်းစိုးရိမ်နေရတယ်။ ဒီနေ့ကစတက်ရသလိုမျိုး တစ်နှစ်ပတ်လုံးပညာသင်နှစ်မှာ အေးအေးချမ်းချမ်းနဲ့ပဲ ပညာသင်ချင်တယ်” ဟု ယခုနှစ်မှ မန္တလေးတက္ကသိုလ်မြေပေါ်သို့ စတင်ပြီးခြေချရသည့် ပထမနှစ်ကျောင်းသူတစ်ဦးက ဆိုသည်။
ထိုသို့ ကျောင်းစတင်ဖွင့်လှစ်သည့်နေ့တွင် မန္တလေးမြို့ပေါ် တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင်လည်း ကျောင်းသား/သူများသည် အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းများအား တက်ရောက်ကာ တစ်နေ့တာ ပြီးဆုံးခဲ့သည်။
“ကိုယ့်ကလေးပညာရေးအတွက် မဖြစ်မနေထားရမှာမို့ ထားရတာ။ ခေတ်ကာလအခြေအနေအရတော့ စိတ်မအေးနိုင်သေးဘူး။ မန္တလေးမှာလည်း မကြာမကြာ အပစ်အခတ်တွေက ကြားနေရသေးတော့ စိတ်ပူပန်စိုးရိမ်နေရသေးတယ်။ ကလေးတွေကတော့ ဘာမှမသိရှာဘူး။ ကျောင်းစတက်ရတော့မယ်ဆိုတော့ ပျော်နေရှာတာလေ။ အခုလိုအကြမ်းဖက်မှုတွေကို အမြန်အဆုံးသတ်စေချင်ပြီ။ ဒါမှလည်း ကလေးတွေပညာရေးအတွက် နားအေးပါးအေး တက်ရမှာပေါ့။ ကျောင်းတက်နေတဲ့ ဘာမှ မသိသေးတဲ့ကလေးတွေကိုတော့ နိုင်ငံရေးအတွေးအခေါ်တွေတော့ မရိုက်သွင်းစေချင်ဘူး” ဟု နိုင်ငံခြားဘာသာတက္ကသိုလ်၌ တက်ရောက်နေသောကျောင်းသူတစ်ဦး၏ မိခင်မှ MT News ရင်ဖွင့်ပြောသည်။
မန္တလေးမြို့ပေါ်ရှိ ပထမနှစ်ကျောင်းသား/သူများအတွက် ယနေ့ကျောင်းစတင်ဖွင့်သည့်နေ့တွင် အချို့သောတက္ကသိုလ်များ၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲများကို ခမ်းခမ်းနားနား ကြိုဆိုဂုဏ်ပြုပေးခဲ့ကြကြောင်း သိရသည်။
“ကိုဗစ်ကပ်ရောဂါကာလအတွင်းနဲ့ နိုင်ငံရေးပဋိပက္ခကာလတွေအတွင်းမှာ ကျောင်းတွေပိတ်ခဲ့ရတယ်။ ကိုဗစ်ကြောင့် ပထမနှစ်ဝက်ဖြေပြီး နောက်ဆုံးဘာသာကျန်မှ ဆက်မဖြေရဘဲ တစ်နိုင်ငံလုံးကျောင်းတွေပိတ်သွားရတော့ ကျောင်းကို အရမ်းပြန်တက်ချင်နေတာ။ အဲဒါ ကိုဗစ်လည်းဖြစ်လို့မပြီးသေးပါဘူးဆို နိုင်ငံရေးပါ ထဖြစ်တော့ ကျွန်တော်တို့ကျောင်းသားတွေအားလုံးမျှော်လင့်ခဲ့တဲ့ ကျောင်းပြန်တက်ဖို့ ဝေးခဲ့ရပြန်တယ်။ မနှစ်က ကျောင်းပြန်ဖွင့်တော့လည်း မတက်ရဲခဲ့ဘူး။ အဓိကမိဘတွေက စိတ်ပူတော့ မတက်ဖြစ်လိုက်ရဘူး။ အမှန်ဆို ဒီနှစ်ဘွဲ့ယူနေရပြီးဗျာ။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ။ အခုတော့ပြန်တက်ခွင့်ရလို့ အတိုင်းမသိပျော်နေရတယ်” ဟု NUG, PDF များ၏ ခြိမ်းခြောက်နှောက်ယှက်မှုများကြောင့် ယမန်နှစ်က ကျောင်းမတက်ဖြစ်ခဲ့သော ကျောင်းသားဟောင်းတစ်ဦးက ပြောသည်။