၂၈. ၁၁. ၂၀၂၃
Written by Nay Moe
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေတဲ့ PSLF/TNLA ရဲ့ ဗဟိုကော်မတီဝင်ထဲက လူငယ်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးတားဆငည်းဇား(ခ) မိုင်းနိုင်သန်းထွန်း)ဟာ ဒီနေ့သေဆုံးသွားတယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
ဗိုလ်မှူးစငိုင်ဂျားလို့လည်း လူသိများတဲ့ တားဆငည်းဇားဟာ လူငယ်ဖြစ်သလို အသက် ၃၀ ကျော်ရုံနဲ့ ထိပ်တန်းရာထူးရယူထားနိုင်လို့ အနာဂတ်အတွက် မျှော်လင့်ထားတဲ့ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်ပေမဲ့ ဒီနေ့ တိုက်ပွဲမှာ သေဆုံးခဲ့တယ်လို့ ကနဦးသိရသလို ရင်သွေးနှစ်ဦးကျန်ရှိနေတယ်လို့လည်း မိသားစုဝင်တွေဆီက သိရပါတယ်။
သေဆုံးချိန်မှာ ၃၂ နှစ်ပဲရှိသေးတဲ့ ဗိုလ်မှူးတားဆငည်းဇားဟာ ၂၀၁၂ ကတည်းက TNLA ကို ရောက်ခဲ့ပြီး စစ်ဦးစီးချုပ်အထိ တာဝန်ထမ်းဆောင်ခဲ့သလို ၂၀၂၂ ကနေ ၂၀၂၃ အထိက ဗဟိုကော်မတီဝင်နဲ့ လက်ရှိမှာ TNLA စီးပွားရေးဌာနရဲ့ ဌာနမှူးအဖြစ် တာဝန်ယူနေရင်းက ရှေ့တန်းတစ်နေရာမှာသေဆုံးခဲ့တာပါ။
TNLA ရဲ့ ထိပ်တန်းခေါင်းဆောင် တားဆငည်းဇားသေသွားတယ်ဆိုတာကို PSLF / TNLA က အတည်ပြုထုတ်ပြန်သလို လွတ်မြောက်နယ်မြေတစ်နေရာမှာ သင်္ဂြိုဟ်မယ်လို့လည်း အတည်ပြုထားပါတယ်။