၂၈. ၁၁. ၂၀၂၃
Written by Min Mahar
ပြည်ကြီးတံခွန်မြို့နယ်ရှိ ထွေအုပ်ရုံးအား အမည်မသိမျိုးသား ၂ ဦးမှ လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ခဲ့ရာမှ တစ်လုံးပေါက်ကွဲကာ နောက်ထပ်တစ်လုံးမှာမူ ပေါက်ကွဲမှုမရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်း ဆည်းသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာ ၂၈ ရက်) မနက် ၇ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ) ရပ်ကွက်၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြား၊ ၁၁၅ လမ်းပေါ်ရှိ ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား ၁၁၅ လမ်းအတိုင်း အနောက်မှအရှေ့သို့ အမည်မသိအမျိုးသား ၂ ဦး မောင်းနှင်လာသည့် CZI ဆိုင်ကယ် ၁ စီးပေါ်မှ လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ခဲ့ရာ ၎င်း လက်ပစ်ဗုံး ၂ လုံးအနက် ၁ လုံးသည် မြို့နယ်ထွေ/အုပ်ရုံးရှေ့ ခြံစည်းရိုးနှင့် ၁၀ ပေခန့်အကွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦး ထိခိုက်ပျက်စီးမှုမရှိဘဲ နောက်ထပ်လက်ပစ်ဗုံး ၁ လုံးမှာမူ ထွေ/အုပ်ရုံးဝင်းအတွင်း ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုမရှိသည့်အတွက် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ သိမ်းဆည်းသွားကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါလက်ပစ်ဗုံးဖြင့် ပစ်ပါက်ခဲ့သည့်ဆိုင်ကယ်သည် ၁၁၅ လမ်းအတိုင်း အရှေ့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားသည်ဟု အနီးရှိမျက်မြင်များပြောကြားမှုအရ သက်ဆိုင်ရာအဖွဲ့များမှ လိုက်လံစုံစမ်းစစ်ဆေးနေကြောင်းလည်း သိရသည်။
ထို့ပြင် အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးမီးပွိုင့်ရှိ စစ်ဆေးရေးဂိတ်တို့ကိုလည်း PDF များက ယနေ့နံနက်တွင် တစ်ပြိုင်နက် ဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။