၂၇. ၁၁. ၂၀၂၃
Written by Ye Kyaw
ကိုဗစ်-၁၉ ကပ်ရောဂါကာလမှစ၍ လက်ရှိအချိန်အထိ ဆန်နှင့်ဆန်ကွဲ တရုတ်နယ်စပ်သို့ တင်ပို့မှုကျဆင်းနေသဖြင့် ရှမ်းမြောက်တိုက်ပွဲများကြောင့် နယ်စပ်မှ ဆန်နှင့်ဆန်ကွဲတင်ပို့မှု အခက်အခဲမရှိဘဲ အခြားသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုကိုသာ အဓိက ထိခိုက်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကာ ကာလမတိုင်မီအထိ တရုတ်နယ်စပ်မှ ဆန်နှင့်ဆန်ကွဲတင်ပို့မှုသည် စုစုပေါင်း တင်ပို့မှု၏ ရာခိုင်နှုန်း ၃၀ မှ ၄၀ ဝန်းကျင်အထိရှိခဲ့သော်လည်း ၂၀၂၀ ခုနှစ်နောက်ပိုင်းမှစ၍ တရုတ်နယ်စပ်သို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှု သိသိသာသာလျော့ကျခဲ့ခြင်းဖြစ်သည်။
“ဆန်နဲ့ဆန်ကွဲက နယ်စပ်တင်ပို့အနေအထားက တော်တော်နည်းတဲ့ အနေအထားရှိတဲ့အတွက် သိပ်ပြီးတော့ အခက်အခဲတော့ မရှိနိုင်ဘူး။ ကျန်တဲ့သီးနှံတွေ အထူးသဖြင့် ဖရဲ၊ သခွားပေါ့။ သရက်တို့ နောက်ကျွန်တော်တို့ ကျန်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ ဒါတွေကတော့ အခက်အခဲရှိနိုင်တဲ့ အနေအထားဖြစ်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။
နယ်စပ်တင်ပို့မှုမှ ဆန်နှင့်ဆန်ကွဲတင်ပို့မှု သိသိသာသာ ထိခိုက်မှုမရှိသော်လည်း ပင်လယ်ရေကြောင်းမှ တင်ပို့ရာတွင် လက်ရှိတွင် ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းအား ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်းအပြင် ကျန် ၅၀ ရာခိုင်နှုန်း တစ်ဒေါ်လာ ကျပ် ၂၉၀၀ ကျော်ဖြင့် ရောင်းချနေရခြင်း၊ ပြည်တွင်း စားသုံးမှုဖူလုံရေးအတွက် ပြည်ပတင်ပို့မှုကို ထိန်းသိမ်းတင်ပို့နေခြင်းတို့ကြောင့် ယခုဘဏ္ဍာနှစ်တွင် ဆန်နှင့်ဆန်ကွဲတင်ပို့မှု ယခင်နှစ်ထက် ရာခိုင်နှုန်း ၅၀ ခန့် လျော့ကျလျက်ရှိကြောင်း ဦးရဲမင်းအောင်က ပြောသည်။
မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း ပိတ်ထားသည့်အတွက် ပြည်တွင်း ဖရဲစိုက်တောင်သူများ ဘားအံ၊ မော်လမြိုင်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ တင်ပို့နိုင်ရေး ဈေးကွက်အသစ်များ ရှာဖွေဆောင်ရွက်နေရခြင်းဖြစ်ကြောင်း ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများထံမှ သိရသည်။
အောက်တိုဘာ ၂၇ ရက်မှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်နေသည့်အတွက် မြန်မာ-တရုတ် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ဝန်ထမ်းများအလုပ်မဆင်းနိုင်ဘဲ ကုန်သွယ်ရေးလုပ်ငန်းများ လုံးဝရပ်ဆိုင်းထားခဲ့ခြင်းကြောင့် တရုတ်နိုင်ငံသို့ တင်ပို့ရန်တက်လာသည့် ဖရဲ၊ သခွားမွှေးကုန်ကားများ လမ်းတွင်အချိန်ကြာမြင့်စွာပိတ်မိ၍ သစ်သီးများပုပ်သိုးကာ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။