၂၈. ၁၁. ၂၀၂၃
Written by Nyein Kyaw
လှိုင်သာယာတွင် စက်ရုံအလုပ်သမားများ၏ ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ ကထိန်ပဒေသာပင်များကို လုံခြုံရေးတပ်ဖွဲ့များက ယူဆောင်သွားသည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်သည်ဟု SAC က အသိပေးထားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်ရှိ ဇာထိုး၊ ပန်းထိုးစက်ရုံ အလုပ်သမားများက ကထိန်ပဒေသာပင်များကို နိုဝင်ဘာ ၂၅ ရက်က ရပ်ကွက်အတွင်း လှည့်လည်နေချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းသွားကြောင်း၊ ပဒေသာပင်များ၏ တန်ဖိုးမှာ ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိပြီး ငွေသားအများစုဖြင့် ပြုလုပ်ထားသည့် ပဒေသာပင် ၅ ခုကို ယူဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ “အမှတ် (၁၁) ရပ်ကွက်၌ နိုင်ဝင်ဘာ ၂၅ ရက်နေ့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့မှုမရှိကြောင်း၊ သတင်းတု၊ သတင်းအမှားသာ ဖြစ်ကြောင်း” သိရှိရသည်ဟု ထုတ်ပြန်ထားသည်။