၂၇.၁၁.၂၀၂၃
Written by KL
မန္တလေးတိုင်းဒသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၂)၊ ပြင်ဦးလွင်စင်တာအနီးတွင် နိုဝင်ဘာ၂၆ ရက် ညနေပိုင်းက ခွေးဘီလူးကားနှင့်ဆိုင်ကယ်တိုက်မှု ဖြစ်ရာမှ ဆိုင်ကယ်စီးသူ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် သန္တိသုခ လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ ယာဥ်မတော်တဆတိုက်မိမှုကြောင့် အမျိုးသားအမျိုးသမီးအပါဝင် ၁၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဒဏ်ရာရရှိသူများအနက် ၃ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဥ် အမျိုး သမီး ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ဆုံးသွားတဲ့ အမျိုးသမီးတွေက အသက် ၁၉ နှစ်နဲ့ ၂၁ နှစ်အရွယ်လူငယ်တွေပါ။ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရရှိပြီး ဒဏ်ရာပြင်းထန်လို့ မန္တလေးဆေးရုံကို ပို့နေရင်း ဆုံးသွားတာ”ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် သန္တိသုခ လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ကျွန်တော်လည်း ညနေက အဲဒီလမ်းပိုင်းကနေ ပြန်လာတာ အရမ်းပေါ့လွန်းတယ်။ ယာဥ်မောင်းတွေရဲ့ စည်း ကမ်းလိုက်နာမှု နဲ့ယာဥ်မောင်းနေစဥ် တာဝန်ယူ တာဝန်ခံမှု အရမ်းအားနည်းပါတယ်” ဟု ပြင်ဦးလွင်မြို့တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
ပြင်ဦးလွင်မြို့တွင် မော်တော်ယာဥ်မောင်းအချို့နှင့် ဆိုင်ကယ်မောင်းနှင်သူအချို့မှာ ယာဥ်စည်းကမ်း၊ လမ်းစည်း ကမ်းလိုက်နာမှု အားနည်းသဖြင့် မကြာခဏ ယာဥ်မတော်တဆမှုများဖြစ်ပွားရခြင်းဖြစ်ကြောင်း ပြင်ဦးလွင်ဒေသခံများက ပြောသည်။