၂၈. ၁၁. ၂၀၂၃
Written by Pan Ei
လာမယ့် ဒီဇင်ဘာ ၂ ရက်ကစပြီး ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပသွားတော့မယ့် Mobile Legends Bang Bang (MLBB) ရဲ့ World Championship M5 ပွဲစဉ်ကြီးမှာ မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ဖို့ အနိုင်ရရှိထားတဲ့ Burmese Ghouls အသင်းရဲ့ အသင်းသားတချို့ဟာ ပတ်စ်ပိုစ့် အခက်အခဲရှိနေတာကြောင့် Burmese Ghouls အသင်းအနေနဲ့ ပြိုင်ပွဲကြီးနဲ့ လွဲချော်ဖို့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
လက်ရှိမှာတော့ M5 ကော်မတီဘက်ကို အချိန်တစ်ရက်တိုးတောင်းကာ ဒီနေ့ နောက်ဆုံးထားပြီး Burmes Ghouls အသင်းသားတွေရဲ့ ပတ်စ်ပို့စ် အချက်အလက်တွေကို ပေးပို့ဖို့ တောင်းဆိုထားသလို Burmese Ghouls အသင်းအနေနဲ့ အချိန်မီ ပတ်စ်ပို့ မပေးနိုင်ခဲ့ပါက 1st Runner Up အသင်း Mythic Seal နဲ့ 2nd Runner Up အသင်း Falcon Esports အသင်းတို့ရဲ့ လိုအပ်တဲ့ သက်ဆိုင်ရာ အချက်အလက်တွေ တောင်းထားတယ်လို့လည်း သိရကာ M5 မှာ မြန်မာနိုင်ငံအတွက် ယှဉ်ပြိုင်နိုင်မယ့် နေရာတစ်နေရာ မဆုံးရှုံးရဖို့အတွက် ကြိုးစားပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတစ်ဦးက ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
ဒီနေ့ မနက်ပိုင်းမှာပဲ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး M5 သွားပြိုင်မယ့် အသင်းသားတွေအတွက် အောင်လအန်ဆန် (Burmese Python) က အားပေးသတင်းစကားပြောကြားခဲ့ပြီး မြန်မာ MLBB ပရိသတ်တွေကလည်း M5 ကို မြန်မာကိုယ်စားပြုအနေနဲ့ ဘယ်အသင်းက သွားရောက်ယှဉ်ပြိုင်ရမလဲဆိုတာကို တစ်ဖန်ပြန်ပြီး ရင်ခုန်နေကြရပြန်ပါပြီ။
မနှစ်က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ M4 မှာတော့ မြန်မာအသင်း Falcon Esports က Top 6 နဲ့ပဲ ကျေနပ်ခဲ့ရပြီး ဖိလစ်ပိုင်အသင်း Echo က ချန်ပီယံဆုကို ရရှိခဲ့တာဖြစ်ပါတယ်။