October 19, 2024

၂၁-၁၁-၂၀၂၂
Written by Pan Ei

စင်ကာပူနိုင်ငံတွင် ဦးနှောက်ဒဏ်ရာဖြင့် သေဆုံးသည်အထိ မြန်မာအမျိုးသမီးအိမ်အကူ မပိုင်ငိုက်ဒွန် (Piang Ngaih Don) ကို ညှင်းပန်းနှိပ်စက်ခဲ့သည့် ဂိုင်ယာသီရိ (Gaiyathiri) ၏ မိခင်ဖြစ်သူ ပရီမာ အက်စ် နာရေနာဆာမိုင်(Prema S Naraynasamy)သည် တနင်္လာနေ့ (နိုဝင်ဘာ ၂၁ ရက်) တွင် အဆိုပါ ညှင်းပန်းနှိပ်စက်သည့်ဖြစ်စဥ်၌ သူမကိုယ်တိုင် ပါဝင်နှိပ်စက်ခဲ့ကြောင်း ပြောဆိုပြီး အပြစ်ရှိကြောင်း ၀န်ခံခဲ့သည်။

အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသူ မပိုင်ငိုက်ဒွန်သည် လည်ပင်းတွင် ပြင်းထန်သော ဒဏ်ရာဒဏ်ချက်များဖြင့် ၁၄ လကြာသည့်အထိ ကြိမ်ဖန်များစွာ နှိပ်စက်ခံရပြီးနောက် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် သေဆုံးခဲ့သည်။ သူမသည် ခန္ဓာကိုယ်အလေးချိန် ၂၄ ကီလိုဂရမ် (၅၃ ပေါင်ခန့်) သာ ကျန်ရှိတော့သည်အထိ နှိပ်စက်ခံခဲ့ရပြီး မသေဆုံးမီရက်များက သူမအား ညဘက်တွင် ပြတင်းပေါက်၌ ကြိုးဖြင့် ချည်ထားခဲ့ခြင်းများကို ခံခဲ့ရသည်။

တနင်္လာနေ့တွင် အသက် ၆၄ နှစ်အရွယ် နာရေနာဆာမိုင်သည် အိမ်အကူအား သေဆုံးသည်အထိ နာကျင်စေမှုဖြင့် စွဲချက် ၄၈ ခုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။ သူမသည် အသက် ၂၄ နှစ်အရွယ် အိမ်အကူအား ရေဖြင့် ပက်ခြင်း၊ ကန်ခြင်း၊ ထိုးခြင်း၊ ပါးရိုက်ခြင်း၊ လည်ပင်း ညှစ်ခြင်း၊ ဆံပင်ကိုဆွဲကာ ခေါင်းကို ပြင်းပြင်းထန်ထန် လှုပ်ယမ်းခြင်း စသော မတော်တရား အပြုအမူများကိုပြုလုပ်ခဲ့သည်။

နာရေနာဆာမိုင်သည် ကိုယ်ပိုင်တိုက်ခန်းရှိသော်လည်း တစ်ပတ်လျှင် သုံးကြိမ်ခန့် သမီးဖြစ်သူနှင့်အတူ နေထိုင်ကာ သူမ တည်းခိုနေစဥ်တွင် မပိုင်ငိုက်ဒွန်နှင့် တစ်ခန်းတည်း နေပြီး မပိုင်ငိုက်ဒွန်ကို ကြိုးဖြင့်ချည်ကာ ကိုယ်ထိလက်ရောက် စော်ကားခဲ့ကြောင်း ဝန်ခံခဲ့သည်။

အိမ်အကူအား သမီးဖြစ်သူ ဂိုင်ယာသီရိ၏ ကိုယ်ထိလက်ရောက် စော်ကားမှုများကိုလည်း နာရေနာဆာမိုင်ကိုယ်တိုင် သိရှိခဲ့ပြီး အိမ်အကူ၏ ခြေထောက်များ ဖောရောင်လာကာ ကိုယ်အလေးချိန် အလွန်ကျလာသည်ကို သူမ သတိပြုမိကြောင်း၊ အိမ်အကူ၏ လက်မောင်းတွင် မီးလောင်ဒဏ်ရာများနှင့် ခန္ဓာကိုယ်ပေါ်တွင် ပွန်းပဲ့ဒဏ်ရာများကိုလည်း သတိပြုမိခဲ့ကြောင်း ပြောဆိုခဲ့သည်။

နာရေနာဆာမိုင်နှင့် သမီးဖြစ်သူ၏ ညှင်းပန်းနှိပ်စက်ကြောင့် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ နံနက်တွင် အိမ်အကူ မပိုင်ငိုက်ဒွန်သေဆုံးခဲ့ရကာ နှိပ်စက်သူ အမေနှင့်သမီး အဖမ်းခံခဲ့ရသည်။ နာရေနာဆာမိုင်သည် အထက်တရားရုံးမှ သူမ၏တရားခွင်ကို ကြားနာပြီးသည့်တိုင်အောင် ထပ်မံရွှေ့ဆိုင်းရန် ကြိုးပမ်းခဲ့ပြီး သူမကို ၄၉ ခုမြောက် စွဲချက်ဖြင့် ရုံးတင်စစ်ဆေးရန် ရှိနေသည်။ မပိုင်ငိုက်ဒွန်ကို နှိပ်စက်သတ်ဖြတ်ထားသည့် ၎င်း၏သမီးသည်လည်း ၂၀၂၁ ခုနှစ်တွင် ထောင်ဒဏ် အနှစ် ၃၀ အထိချမှတ်ခံခဲ့ပြီး သူမ၏ ပြစ်ဒဏ်ကို ထက်ဝက်လျှော့ချရန် အယူခံဝင်မှုကို Apex တရားရုံးက ပယ်ချခဲ့သည်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *