၂၁. ၁၁. ၂၀၂၂
Written by Thettant
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့တွင် ငွေကျပ်သိန်း ၁၆၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ကွန်ပရက်ဆာအတွင်း သိုဝှက်သယ်ဆောင်လာသူနှစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ နို၀င်ဘာ ၂၀ ရက် နံနက် ၁၁ နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကွတ်ခိုင်မြို့၊ အမှတ် (၃) ရပ်ကွက်၊ ကွတ်ခိုင်-တာမိုးညဲ သွားကားလမ်းတွင် ဂမ်ဆိုင်း မောင်းနှင်ပြီး ဂမ်ဒီ စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် ၎င်းတို့တင်ဆောင်လာသော ကွန်ပရက်ဆာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၆၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ထို့ကြောင့် မူးယစ်ဆေးများအား ကွန်ပရက်ဆာအတွင်း ထည့်သွင်းသယ်ဆောင်လာသူ ဂမ်ဆိုင်း(၂၃)နှစ် နှင့် ဂမ်ဒီ(၂၈)နှစ်တို့အား ကွတ်ခိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သိရသည်။