၂၈.၁၁.၂၀၂၃
Written by Treasure
လက်ရှိကျင်းပနေတဲ့ ၂၀၂၃-၂၀၂၄ AFC Cup ပြိုင်ပွဲ အုပ်စု (F)မှာ ၁ မှတ်သာရရှိထားပြီး အုပ်စုအဆင့်နဲ့ ကျေနပ်ရတော့မယ့် မြန်မာနေရှင်နယ်လိဂ်ကလပ် ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ သူတို့ရဲ့ AFC Cup အဝေးကွင်းပွဲစဉ်အတွက် ဩစတေးလျနိုင်ငံက ပြည်ဝင်ခွင့်ဗီဇာမပေးလို့ မက္ကသာနဲ့ အဝေးကွင်းပွဲစဉ်ကို ကြားကွင်းမှာ ယှဉ်ပြိုင်ကစားရမယ်လို့ သိရပါတယ်။
အာဆီယံ အားကစားစာမျက်နှာတစ်ခုဖြစ်တဲ့ Asean Football ရဲ့ ဖော်ပြချက်အရ လာမယ့် ကြာသပတေးနေ့မှာ ဩစတေးလျနိုင်ငံမှာ ကျင်းပမယ့် AFC Cup ပြိုင်ပွဲအတွက် ဩစတေးလျကလပ် မက္ကသာအသင်းဟာ ရှမ်းယူနိုက်တက်အသင်းနဲ့ပွဲစဥ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စီစဉ်ထားပေမယ့် လက်ရှိအချိန်မှာတော့ အဆိုပါပွဲစဉ်ကို ထိုင်းနိုင်ငံမှာ ကျင်းပသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဩစတေးလျကလပ် မက္ကာသာအသင်းအနေနဲ့ ပြိုင်ပွဲနီးကပ်ချိန်မှာ အခုလိုစီစဉ်လိုက်ရတဲ့ အကြောင်းရင်းဟာ မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းကို သြစတြေးလျဖက်ဒရယ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာ မပေးတာကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ် (AFC)ကတော့ ဩစတေးလျကလပ် မက္ကာသာအသင်းအနေနဲ့ မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းနဲ့ ကစားရမယ့် AFC Cup အိမ်ကွင်းပွဲစဉ်ကိုကစားဖို့ ပျက်ကွက်ခဲ့ရင် မက္ကာသာအသင်းနဲ့ ဩစတေးလျဘောလုံးအဖွဲ့ချုပ်တို့ကို အရေးယူမှုများ ပြုလုပ်သွားမှာဖြစ်တယ်လို့ Asean Football က ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာတော့ ဩစတေးလျကလပ် မက္ကာသာအသင်းအနေနဲ့ ရှမ်းယူနိုက်တက်အသင်းနဲ့ ကစားရမယ့် AFC Cup အိမ်ကွင်းပွဲစဉ်အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ BG အားကစားကွင်းမှာ ကစားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
၂၀၂၃-၂၀၂၄ AFC Cup ပြိုင်ပွဲ အုပ်စု(F)မှာ ဩစတေးလျကလပ် မက္ကာသာအသင်းဟာ ရမှတ် ၉ မှတ်နဲ့ အုပ်စုပထမနေရာ ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်အသင်းကတော့ ရမှတ် ၁ မှတ်နဲ့ ဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ မက္ကာအသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ဟာ ပထမအကျော့ပွဲစဉ်အဖြစ် တွေ့ဆုံမှုမှာတော့ မက္ကာသာအသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိထားပါတယ်။