တစ်နိုင်ငံလုံးမပေးနိုင်သေးသည့် လျှပ်စစ်ကဏ္ဍကို ဖျက်ဆီးခြင်းကြောင့် လူမှုစီးပွားဘဝ တိုးတက်သင့်သလောက် မတိုးတက်ခဲ့ဟုပါ ပြော
၂၆. ၁၁. ၂၀၂၃
NUG၊ PDF နှင့် EAO အဖွဲ့များက မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှပစ်ခတ်ခြင်းနှင့် Drop Bomb ချ တိုက်ခိုက်မှုတို့ကြောင့် သုံးနှစ်အတွင်း လျှပ်စစ်တာဝါတိုင် ၈၁ ခုအထိ ဖျက်ဆီးခဲ့ပြီး ကယားပြည်နယ်အတွင်း ပျက်စီးမှု အများဆုံးဖြစ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားသည်။
“NUG၊ PDF နဲ့ အချို့သော EAO အဖွဲ့များဟာ မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအားကဏ္ဍကို လျှပ်စစ်စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းပေါင်းစုံနဲ့ အဓိကထား တိုက်ခိုက်နေတာကိုလည်း တွေ့ရပါတယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊ ပြည်သူလူထုရဲ့ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးအပြင် လျှပ်စစ်ကဏ္ဍကိုလည်း ဖျက်လို့ဖျက်ဆီး လုပ်နေတာတွေ့ရပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အခါမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့အထိ လျှပ်စစ်ဓာတ်အားပေးလိုင်းများ တာဝါတိုင်များကို မိုင်းထောင်ဖောက်ခွဲတာတွေ လျှပ်စစ်ဓာတ်အားခွဲစက်ရုံတွေကို အဝေးကနေ ပစ်ခတ်တာတွေ၊ Drop Bomb ချတိုက်ခိုက်တာတွေ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ လျှပ်စစ်ဓာတ်အားပေး တာဝါတိုင် ၈၁ ခု ပျက်စီးခဲ့ကြောင်း တွေ့ရပါတယ်။ မိုင်းထောင်ဖောက်ခွဲတာ အဓိကဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ကယားပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍသည် တစ်နိုင်ငံလုံးအတိုင်း အတာအထိ ပေးနိုင်သည့်ပမာဏ လက်ရှိအချိန်အထိ မရှိသေးကြောင်း၊ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဆက်ဆက်က နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းနေရဆဲကာလတွင် လျှပ်စစ်စွမ်းအားကဏ္ဍကို ဖျက်ဆီးတိုက်ခိုက်နေခြင်းတို့ကြောင့် နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးသင့်သလောက် မတိုးတက်ဘဲ နှောင့်နှေးနေရခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့နိုင်ငံရဲ့ လျှပ်စစ်စွမ်းအားကဏ္ဍသည် တစ်နိုင်ငံလုံးလိုအပ်တဲ့ အတိုင်းအတာအထိ ပေးနိုင်တဲ့ လုံလောက်မှုမရှိသေးပါဘူး။ ဒီမလုံလောက်တဲ့ကြားထဲကနေ နိုင်ငံတော်အစိုးရအနေနဲ့ အစိုးရအဆက်ဆက်အနေနဲ့ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းပေါင်းစုံနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလိုနည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေတဲ့ကြားက ဒီအဖျက်လုပ်ငန်းများကြောင့် လျှပ်စစ်ဓာတ်အားပေးလိုင်းများ ပျက်စီးရခြင်း၊ လျှပ်စစ်ဓာတ်အားခွဲစက်ရုံများ ပျက်စီးရခြင်းကြောင့် နိုင်ငံရဲ့ လူမှုစီးပွားဘဝသည် တိုးတက်သင့်သလောက် မတိုးတက်ဘဲနဲ့ နှောင့်နှေးနေတာကို တွေ့ရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြောက်ပိုင်းမဟာမိတ် ၃ အဖွဲ့အနေဖြင့် မြန်မာ-တရုတ် စီးပွားရေးနှင့် ဆက်သွယ်ရေးတို့အတွက် အဓိကကျသည့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ တံတားများကို ဖောက်ခွဲဖျက်ဆီးခြင်းများ၊ လမ်းများပိတ်ဆို့ခြင်းများ၊ လမ်းများဖျက်ဆီးခြင်းတို့ကို ဆောင် ရွက်ပြီးနောက် မြန်မာ-တရုတ် နှစ်နိုင်ငံစီးပွားရေးနှင့် ဆက်ဆံရေးတို့ ထိခိုက်လာအောင် ရည်ရွယ်ချက်ရှိရှိဖြင့် ဓာတ်ငွေ့ပိုက်လိုင်းများကို ဖျက်ဆီးနေခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ KNU နှင့် PDF အဖွဲ့များက သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကို မိုင်းထောင်ဖောက်ခွဲခဲ့မှုများ ဆောင်ရွက်ခဲ့သဖြင့် ရန်ကုန်- ဘားအံ- သထုံ စသည့်နေရာများ၌ လျှပ်စစ်ဓာတ်အား လျော့နည်းမှုဖြစ်ပေါ်ခဲ့သည့်အပြင် ရန်ကုန်သို့ ပေးပို့နေသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကိုလည်း ဖောက်ခွဲခံရမှုများကြောင့် ရန်ကုန်မြို့သို့ ပေးပို့နေသည့် လျှပ်စစ်ဓာတ်အား ၅၅ မဂ္ဂါဝပ်လျော့ကျခဲ့ရသည်။