၂၆. ၁၁. ၂၀၂၃
Written by Nay Moe
Anti Junta Alliance Yangon (AJAY) ဟာ နိုဝင်ဘာ ၂၅ ရက်က မနက်ပိုင်းမှာ မြောက်ဒဂုံ ၄၀ ရပ်ကွက်က ပျံကျစျေးအတွင်း ဆန္ဒပြမှုပြုလုပ်ခဲ့ပြီး ဒီလိုဆန္ဒပြမှုပုံရိပ်တွေကို တယ်လီဂရန်နဲ့ လူမှုကွန်ရက်မှာ ဖော်ပြခဲ့တာကြောင့် စျေးအတွင်းကလူတွေကပါ ဆန္ဒပြမှုဦးဆောင်တဲ့ ကိုနန်းလင်းနဲ့အတူ လိုက်ပါဆန္ဒပြခဲ့တာကြောင့် ဒီပျံကျစျေးကို နိုဝင်ဘာ ၂၅ ရက်မှာပဲ မြို့နယ်တာဝန်ရှိသူတွေက ရှင်းလင်းဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။
AJAY ဟာ သူတို့ဆန္ဒပြမှုအပေါ် မြောက်ဒဂုံ ၄၀ ရပ်ကွက်က ပျံကျစျေးသည်တွေနဲ့ စျေးဝယ်သူတွေက လက်ခုပ်တီးတာ၊ လက်သုံးချောင်းထောင်တာ၊ ကြွေးကြော်သံပြုတယ်ဆိုတာကို ထည့်သွင်းထုတ်ပြန်ရုံသာမက ပြည်သူလူထုရဲ့ ပုံရိပ်ကိုပါ မျက်နှာမဝါးဘဲဖော်ပြခဲ့တာကြောင့် ဆန္ဒပြရာမှာ ပူးပေါင်းပါဝင်သူတချို့ကို ခေါ်ယူစစ်ဆေးမှုပြုခဲ့သလို တရားဝင်မဟုတ်တဲ့ကျုးကျော်ပျံကျစျေးကိုလည်း ညတွင်းချင်းဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။
“ပျံကျစျေးက ဆိုင်ခန်း ၁၀၀ ကျော်ကို ညတွင်းချင်း ရှင်းလင်းလိုက်တာ” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
ဒီလိုမျိုး ရှင်းလင်းမှုနဲ့ ပတ်သက်ပြီး AJAY ကလည်း ထုတ်ပြန်ချက်ထပ်ဆင့်ထုတ်ပြီး မကြောက်ရွံဖို့၊ နောက်မလှည့်ဖို့တောင်းဆိုခဲ့တာလည်း တွေ့ရပါတယ်။
ပုံစာ။ AJAY က ဆန္ဒပြရာတွင် မြောက်ဒဂုံ ၄၀ ရပ်ကွက် ပျံကျစျေးပတ်လည်နေသူများ ပူးပေါင်းပါဝင်မှုဖော်ပြခဲ့ပုံ၊ ပျံကျစျေးရှင်းလင်းခံရပုံနှင့် ထုတ်ပြန်ချက်။