ကျွန်းစုမြို့နယ်တွင် စစ်သားစုဆောင်းခြင်းမရှိသလို နေပြည်တော်၌လည်း ပျူစောထီးသင်တန်းအတွက် တစ်ရွာ ၆ ဦး တောင်းခံမှုမရှိဟု ပြော
၂၆. ၁၁. ၂၀၂၃
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စုရှိ စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) ပင်းပက်သံမဏိစက်ရုံ စီမံကိန်းတွင် လက်နက်ခဲယမ်းများ ထုတ်လုပ်ရန်၊ ယူရေနီယမ်ကိစ္စနှင့်လည်း ပတ်သက်ဆက်နွှယ်နေပြီး လက်ရှိတွင် နမ့်တဘက်ချောင်းတစ်လျှောက် နေထိုင်သည့် ဒေသခံထောင်ပေါင်းများစွာ၏ အသက်မွေးဝမ်းကြောင်းနှင့် လယ်ယာမြေများကို ဖျက်ဆီးရန် ခြိမ်းခြောက်လာနေကြောင်း၊ စီမံကိန်းကြောင့် သက်လတ်ပိုင်းလူနာအများစုသည် အဆုတ်ကင်ဆာရောဂါ ခံစေားနေကြရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး-PYP ထံက သိရသည်ဟု မဟုတ်မမှန် သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်းတွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လက်နက်ခဲယမ်းများ ထုတ်လုပ်နေသည်ဆိုသည့် ရေးသားချက်မှာ မှားယွင်းနေပြီး တပ်တွင်းအရင်းအမြစ်ထံက ဆိုသည့် “နျူးကလီးယားကိစ္စပါ ကြိုးပမ်းလာနေကြောင်း သိရသည်” ဟူသော ရေးသားချက်မှာ လုံးဝမှားယွင်းကြောင်း ထုတ်ပြန်ထားသည်။
စက်ရုံမှ အသုံးပြုမည့် ပင်းပက်သံသတ္တုရိုင်း (Iron Ore) တွင် ဟီမင်တိုက်နှင့် လီမွန်နိုင်ဟူသော သံရိုင်းအမျိုးအစား နှစ်မျိုးသာ အဓိကပါဝင်ပြီး ကျန်သောသတ္တုများတွင် ဆီလီကာနှင့် အလူမီနာသတ္တုရိုင်းများသာ ရာခိုင်နှုန်းအနည်းငယ် ရောနှောပါဝင်သည်။ အထူးသဖြင့် နျူကလီးယားထုတ်လုပ်ရန် လိုအပ်သော ယူယေနီယမ်နှင့် ပလူတိုနီယမ် သတ္တုတို့ကို ရှာဖွေမတွေ့ရှိကြောင်း ထုတ်ပြန်ထားသည်။ ထို့အတွက် နျူးကလီးကိစ္စပါ ကြိုးပမ်းလာနေသည်” ဟူသော ရေးသားချက်မှာ လုံးဝမှားယွင်းနေခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပင်လယ်ဘက်ရှိရွာများမှ ရေလုပ်သားများကို တပ်မတော်က လူသစ်စုဆောင်းနေကြောင်း၊ အလားတူ နေပြည်တော်၊ လယ်ဝေးမြိုနယ်အတွင်းရှိ ကျေးရွာများကို ပျူစောထီး သင်တန်းတက်ရန် တစ်ရွာကို လူ ၆ ဦးတောင်းခံလျက်ရှိကြောင်း ဒေသပြည်သူများက ပြောသည်ဟု ခေတ်သစ်မီဒီယာမှ မဟုတ်မမှန် သတင်းများကို ဖော်ပြလျက်ရှိသည်ဟု ဖော်ပြထားသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ ကျွန်းစုမြို့နယ်ရှိ ပင်လယ်ဘက်ရှိရွာများတွင် တပ်မတော်မှ လူသစ်စုဆောင်းခြင်းများ လုံးဝမပြုလုပ်ပါကြောင်းနှင့် နေပြည်တော် လယ်ဝေးမြိုနယ်အတွင်းရှိ ကျေးရွာများတွင်လည်း ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် လူအင်အားတောင်းခံခြင်းများ လုံး၀ (လုံးဝ) ပြုလုပ်မှုမရှိကြောင်း ထုတ်ပြန်ထားသည်။