၂၆. ၁၁. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့် တိုက်ပွဲအတွင်း ပိတ်မိနေသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများ မိခင်နိုင်ငံသို့ ဘေးကင်းစွာဖြင့် ပြန်လည်ခေါ်ယူနိုင်ရန် မြန်မာအစိုးရအပြင် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ကူညီပေးစေလိုကြောင်း အာဆီယံ အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများက တိုက်တွန်းတောင်းဆိုလိုက်သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၌ မကြာသေးမီက ဖြစ်ပွားလာခဲ့သောတိုက်ပွဲများနှင့်ပတ်သက်ပြီးစိုးရိမ်မိကြောင်း ဖော်ပြထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံသားများအပြင် ပြည်ပနိုင်ငံခြားသားများအပါအဝင် မြန်မာနိုင်ငံသားများ နေရပ်စွန့်ခွာထွက်ပေးနေရကြောင်းအာဆီယံအဖွဲ့က ပြောသည်။
ထို့ပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ လက်နက်ကိုင်ပဋိပက္ခတွင်ပါဝင်နေသည့် အဖွဲ့အစည်းများအားလုံး တိုက်ပွဲအရှိန် ထပ်မံမမြင့်တက်စေရန် သည်းခံချုပ်တည်းစေလိုကြောင်း ထပ်မံတိုက်တွန်းတောင်းဆိုထားသည်။ ထို့အပြင် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးအနေဖြင့် လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာရန်၊ အရပ်သားအားလုံးဘေးကင်းရန်နှင့် ကာကွယ်ပေးရန် လိုအပ်သော အစီအမံများအားလုံးကို လုပ်ဆောင်ပေးစေလိုကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တအာင်းလက်နက်ကိုင်အဖွဲ့၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့တို့သည် ပြီးခဲ့သော အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်မတော်စခန်းများကို စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီးနောက် မြန်မာနိုင်ငံရှိမြို့များတွင် တိုက်ပွဲများဖြစ်လာခဲ့သည်။ ရခိုင်၊ ရှမ်း၊ ချင်း၊ စစ်ကိုင်း မကွေး၊ ကယားနှင့် ကရင်ပြည်နယ်တို့တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မြန်မာနိုင်ငံ၌ အောက်တိုဘာ ၂၆ ရက်နေ့မှစတင်ပြီး နိုဝင်ဘာ ၂၂ ရက်နေ့အထိ လူပေါင်း ၃၃၅၀၀၀ နီးပါး နေရပ်စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။
Ref; asean