၂၆.၁၁.၂၀၂၃
Written by KL
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အဗျားဘိုတဲကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၇၆/၅) နှင့် (၇၆/၆)ကြားတွင် ယနေ့ (နိုဝင်ဘာ ၂၆ ရက်) နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က အဖြူရောင် ၁၈ ဘီးတွဲကားမှ ရပ်ထားသော ၆ ဘီးယာဥ်ကို ကျော်တက်မောင်းနှင်ရာမှ ၆ ဘီးယာဥ်နောက်ပိုင်းနှင့် တစ်ဖက်ယာဥ်ကြောတွင်မောင်းနှင်လာသော ခရီးသည်တင်ယာဥ်ကို တိုက်မိခဲ့ရာ တစ်ဦး သေဆုံးပြီး ခရီးသည်တင်ယာဥ်ပေါ်မှ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် ၁၈ ဘီးတွဲကားပေါ်မှ ယာဥ်မောင်းအမျိုးသား သေဆုံးခဲ့ပြီး ခရီးသည်တင်ယာဉ်မှ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား၂ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ အမျိုးသမီး ၇ ဦးနှင့် အမျိုးသား၂ ဦးမှာ ထိခိုက်ဒဏ်ရာရရှိသော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်းသိရသည်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် ဝေါမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသူများကို ဝေါမြို့နယ်ပရဟိတအသင်းနှင့် ဖြူစင်မေတ္တာပရဟိတအသင်းမှ သူနာတင်ယာဉ်များဖြင့် ဝေါပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။