၂၆.၁၁.၂၀၂၃
Written by Peya
ရခိုင်ပြည်နယ်အစိုးရ၏ စီစဉ်ပေးမှုဖြင့် တိုက်ပွဲဖြစ် ဒေသမှ မွေးလူနာကို ဆေးရုံသို့ ပို့နိုင်ခဲ့ပြီး အမြွှာကလေးငယ်နှစ်ဦးကို မွေးဖွားပေးနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ထံက နိုဝင်ဘာ ၂၆ ရက်တွင် သိရသည်။
အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ လက်ရှိတွင် စစ်ရေးတင်းမာနေသည့် ပေါက်တောမြို့နယ်၊ သဝန်ချောင်းကျေးရွာကဖြစ်ပြီး ကလေးမှာပုံမှန်မဟုတ်သည့်အတွက် ခွဲစိတ်မွေးဖွားရန် လိုအပ်ကြောင်း သတင်းပေးလာချက်အရ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က တာဝန်ရှိသူ အဆင့် ဆင့်ကို ချိတ်ဆက် ဆောင်ရွက်ပေးခဲ့ရာ တပ်မတော်၏ အကူအညီနှင့်အတူ မွေးလူနာကို သဝန်ချောင်းရွာမှ စစ်တွေ ဆေးရုံကြီးသို့ပို့၍ မွေးဖွားပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
“မွေးပြီးပါပြီ။ အမြွှာယောက်ျားလေးနှစ်ယောက်ပါ။ အားလုံးဝမ်းသာနိုင်ကြပါစေ။ ဒီလိုကာလမှာ ခက်ခဲစွာ သယ်ယူမွေးပေးခဲ့ရတဲ့ ညီအစ်ကို အမည်ဘယ်လိုပေးကြမလဲ။ အားလုံးဝမ်းသာပီတိဖြစ်ကြမှာပါ” ဟု ရခိုင်ပြည် နယ်အစိုးရအဖွဲ့ မှ ဥပဒေချုပ် ဦးလှသိန်း၏ လူမှုကွန်ရက်စာမျက်နှာထက်တွင် ဖော်ပြထားသည်။