၂၅. ၁၁. ၂၀၂၃
Written by Nyein Kyaw
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် မာရဝိဇယ ဗုဒ္ဓဥယျာဉ်အတွင်းရှိ ရေပန်းရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ ကောင်စီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများကလည်း စည်ကားများပြားစွာ လာရောက်ခဲ့သည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်အတွင်း၌ တန်ဆောင်တိုင်ပွဲတော်အခါသမယအဖြစ် တန်ဆောင် တိုင် မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း ဆီမီး ၉၀၀၀ ကပ်လှူပူဇော်ခြင်း၊ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ ပထမအကြိမ် မသိုးရွှေကြာ သင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရှိခြင်း၊ MSME လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ ဒေသထွက်မြန်မာ့ရိုးရာမုန့်ဆိုင်များ ခင်းကျင်းရောင်းချမည်ဖြစ်၍ အများပြည်သူများအနေဖြင့် လာရောက်ဖူးမြော်၊ ပျော်ရွှင်နိုင်ကြောင်း သိရသည်။
ထို့အတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ မာရဝိဇယကျောင်းတော် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။