MT News
၂၅. ၁၁. ၂၀၂၃
ရေတပ်မှ တပ်ဖွဲ့ဝင် ၁၇ ဦး ထွက်မပြေးသလို ပဲခူးအရှေ့ခြမ်းတွင်လည်း ပြည်သူ့စစ်ထောက်ပံ့ကြေး ကျပ် ၂၀၀၀ ကောက်ခံမှုမရှိကြောင်း SAC ၏ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ငြင်းဆိုလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ သန်လျင်ရေတပ်စခန်းဌာနချုပ်မှ တပ်ဖွဲ့ဝင် ၁၇ ဦးက လက်နက်အချို့ယူဆောင်ပြီး တပ်မှထွက်ပြေးသွားကြောင်း ကောလာ ဟလ သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။ အဆိုပါ တပ်ဖွဲ့ဝင် ၁၇ ဦး တပ်မှ ထွက်ပြေးခြင်းမရှိကြောင်း တပ်တွင်းအခိုင်အမာ သတင်းများအရ သိရှိရပြီး ပြည်ဖျက်မီဒီယာအချို့က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည့် လုပ်ကြံသတင်းများသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး၊ အရှေ့ခြမ်းရှိ ကျေးရွာတချို့၌ နိုဝင်ဘာ ၂၄ ရက်နေ့ညပိုင်းက ပြည်သူ့စစ်ထောက်ပံ့ကြေးအတွက်ဆိုပြီး တစ်အိမ်ထောင်လျှင် ၂၀၀၀ ကျပ်ထည့်ရန် အုပ်ချုပ်ရေးအဖွဲ့များမှ အသံချဲ့ စက်နှင့်အသိပေးခဲ့ပြီး မဖြစ်မနေထည့်ဝင်ရမယ်ဆိုကာ ခြိမ်းခြောက်သွားကြောင်း၊ ဒေသခံများကို နည်းလမ်းမျိုးစုံဖြင့် ငွေကြေးရယူမှုတွေမကြာခဏလုပ်နေကြောင်း၊ ကဝမြို့ဒေသခံများမှ ပြောကြားချက်အရ သိရှိရသည်ဟုမဟုတ်မမှန် သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ ရှိရသည်။အဆိုပါ သတင်းနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးမှ “လုပ်ကြံသတင်းသာဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၏ ရိုးသားသည့်စိတ်ဓာတ်ကို အခြေခံအသုံးချပြီး အထင်အမြင်လွဲမှားမှုဖြစ်စေရန် ရည်ရွယ်၍ သတင်းတု ထုတ်လွှင့်ခြင်းသာဖြစ်ကြောင်း” သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။