၂၅. ၁၁. ၂၀၂၃
Written by Nyein Kyaw
လယ်ဧက ၅၀ ဝန်းကျင်ရှိသည့် လယ်သမားကြီးများအား စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧကကို ကျပ် ၄၀၀,၀၀၀ အထိရရှိအောင် ကနဦးစီမံကိန်းအဖြစ် လာမည့်နွေစပါးရာသီမှစတင်၍ ထုတ်ချေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ယနေ့ ပြုလုပ်သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ တတိယအကြိမ် သတင်းပြန်ကြားဆွေးနွေးပွဲမှ သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် နေပြည်တော်ကောင်စီ နယ်မြေတို့ရှိ လယ်သမားကြီးများ၏ စာရင်းများယူထားပြီး ဧကတစ်သိန်းအတွက် ကနဦးစိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“အဲဒါတွေကို ပြန်လည်စိစစ်ပြီးတော့ ဧကတစ်သိန်းကို စတင်ပြီးတော့ လာမယ့်နွေစပါးရာသီကနေ စတင်ပြီးတော့ တစ်ဧကကို ၄၀၀,၀၀၀ နှုန်းနဲ့ပေါ့နော်။ စိုက်ပျိုးစရိတ်ချေးငွေ ပေးနိုင်တဲ့အနေအထားဖြစ်အောင် ကျွန်တော်တို့ စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။
လက်ရှိတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးရေးစရိတ်များကို တစ်ဧကလျှင် ကျပ် ၁၅၀,၀၀၀ နှုန်းဖြင့် ၁၀ ဧကအထိသာ ထုတ်ချေးပေးနိုင်ခြင်းဖြစ်သည့်အတွက် ၁၀ ဧကအထက် တောင်သူများအနေဖြင့် ပုံစံ (၇) ကို နာမည်ခွဲခြင်းများ ဆောင်ရွက်၍ ချေးငွေထုတ်ချေးနေရခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆန်စပါးအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင် အလုပ်သမား ရှားပါးမှုပြသနာများကြောင့် လုပ်ကွက်ငယ် တောင်သူများအနေဖြင့် စက်မှုလယ်ယာဘက်သို့ ကူးပြောင်းရာတွင် အနည်းအငယ် အခက်အခဲရှိနေသေးခြင်းကြောင့် စက်မှုလယ်ယာသို့ ကူးပြောင်းရန် အခွင့်အလမ်းရှိသည့် ဧက ၅၀ ဝန်းကျင်ရှိ တောင်သူ လယ်သမားများကို အဓိကထား ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က တစ်ဧကကို ၄၀၀,၀၀၀ လောက်ပေါ့။ စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧကကို ၄၀၀,၀၀၀ လောက်ပေးဖို့ ပြင်ဆင်နေတဲ့အနေအထားဖြစ်ပါတယ်။ တစ်ဧကကို ၄၀၀,၀၀ လောက် ပေးလိုက်တာဖြစ်တဲ့အတွက် တစ်ဧက အထွက်နှုန်းတိုးအောင် လိုအပ်တဲ့ သဘာဝမြေဩဇာတို့၊ ဓာတ်မြေဩဇာတို့ မျှတစွာသုံးနိုင်မယ်။ ကောင်းတဲ့မျိုးတွေသုံးနိုင်မယ်။ ထွက်လာတဲ့ သီးနှံကိုပဲ သူနဲ့နီးတဲ့ စက်ပိုင်၊ ကုန်သည်တွေနဲ့ ချိတ်ဆက်ပြီး ရောင်းနိုင်အောင်လုပ်နေပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။
လာမည့် နွေစပါးရာသီတွင် အကောင်အထည်ဖော်မည့် လယ်သမားကြီးများအား ချေးငွေထုတ်ချေးပေးမည့် ကနဦးစီမံကိန်းအတွက် ကျပ်ဘီလျံ ၄၀ လျာထားပြီး ကုမ္ပဏီများနှင့် အကျိုးတူဆောင်ရွက်နေသူများနှင့် ကုမ္ပဏီများကို ထုတ်ချေးပေးမည် မဟုတ်ဘဲ တောင်သူသီးသန့် ဧက ၅၀ ဝန်းကျင် ဆောင်ရွက်နေသည့် လယ်သမားများထံသို့ တိုက်ရိုက်ထုတ်ချေးမည့်ပုံစံဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
“တောင်သူကို တိုက်ရိုက်ပေါ့။ ဒါကိုစမ်းပြီးတော့ ဧကတစ်သိန်းပေါ့။ ဧကတစ်သိန်းဆိုရင် ကျပ်ဘီလျံ ၄၀ လောက် လိုအပ်ချက်ရှိပါတယ်။ ဒါလေးကို စလုပ်ခြင်းဖြစ်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။
မြန်မာနိုင်ငံတွင် မိုးစပါး၊နွေစပါးဧက ၁၇ သန်းကျော်ရှိပြီး နှစ်စဉ်ဆန်တန်ချိန် ၁၄ သန်းအထိ ထွက်ရှိကာ ပြည်တွင်းစားသုံးမှုအနေဖြင့် ဆန်တန်ချိန် ၁၁ သန်းဝန်းကျင်ရှိ၍ ပြည်ပသို့ နှစ်စဉ် ဆန်တန်ချိန် ၂ ဒသမ ၅ သန်းဝန်းကျင်ကိုသာ တင်ပို့နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။