တရုတ် တပ်မတော်(ရေ) စစ်သင်္ဘောများလည်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် မကြာမီ ရောက်ရှိမည်ဟု ဆို
၂၅. ၁၁. ၂၀၂၃
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်းစစ်ဒေသကြီးအနေဖြင့် တရုတ်-မြန်မာနယ်စပ်ဒေသတွင် နိုဝင်ဘာ ၂၅ ရက် (ယနေ့)မှစတင်၍ ပုံမှန်စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာ့တပ်မတော်နှင့်အတူ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် အမြဲလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။
“တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်းစစ်ဒေသကြီးရဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။ လုပ်ဆောင်မယ့်နေရာကတော့ တရုတ်-မြန်မာနိုင်ငံနယ်စပ်ဒေသမှာ ဖြစ်ပါတယ်။ လုပ်ဆောင်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်မြေဒေသလုံခြုံအေးချမ်းရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်တယ်ဆိုတာကို မြန်မာနိုင်ငံဘက်ကို အကြောင်းကြားလာပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ မူဝါဒအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒအပေါ်မှာ ရပ်တည်လျက်ရှိပြီးတော့ မြန်မာ့တပ်မတော်နဲ့အတူ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို အမြဲတမ်းလက်တွဲဆောင်ရွက်သွာမှာဖြစ်ကြောင်း အကြောင်းကြားလာပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း တရုတ်နိုင်ငံနဲ့အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကို လိုက်နာပြီး နေထိုင်ဆောင်ရွက်လျက်ရှိပါတယ်။ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်(ရေ)၏ ရေတပ်စစ်သင်္ဘောများလည်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် မကြာမီလာရောက်မည်ဖြစ်ပြီး တပ်မတော်နှစ်ရပ်အကြား ခိုင်မြဲလျက်ရှိပြီး ချစ်ကြည်ရင်းနှီးမှု တည်ဆောက်လျက်ရှိကြောင်း သိရသည်။
“ဒါ့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်(ရေ)ရဲ့ ရေတပ်စစ်သင်္ဘောများလည်း ချစ်ကြည်ရေးခရီး မကြာခင်မှာ လာရောက်လည်ပတ်ဖို့ရှိပါတယ်။ တရုတ်-မြန်မာနှစ်နိုင်ငံ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်မှုသည် ခိုင်မြဲလျက်ရှိကြောင်းနဲ့ ချစ်ကြည်ရင်းနှီးစွာ တည်ဆောက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို အမြစ်ပြတ်နှိမ်နင်းရေးတို့အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Photo- Chinanews.com)