October 19, 2024

၂၄. ၁၁. ၂၀၂၃

Written by Nyein Kyaw

KNPP နှင့် PDF အဖွဲ့များ ဖမ်းဆီးခေါ်ဆောင်သွားသည့် လွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားနှင့် မိသားစုဝင် စုစုပေါင်း ၁၀၃ ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ကျန်ရှိနေသေးသည့် လူဦးရေ ၁၀၀ ကျော်ကိုလည်း ပြန်လည်လွတ်မြောက်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားသည်။

“ဒီနေ့မှာတော့ လွိုင်ကော်တက္ကသိုလ်က KNPP၊ PDF အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဆရာ၊ ဆရာတွေ၊ ‌ကျောင်းသား၊ ကျောင်းသူတွေ၊ မိသားစုဝင်‌တွေထဲက ကျွန်တော်တို့ ၁၀၃ ဦး တောင်ကြီးကို ပြန်ရောက်လာတာရှိပါတယ်။ မနေ့က ညမှာ PNLO ပြည်သူ့စစ်အဖွဲ့ဒေသကမှတစ်ဆင့် လက်ခံရရှိခဲ့ပါတယ်။ တပ်မတော်မှ တာဝန်ရှိသူများလည်း သွားရောက်ကြိုဆိုပြီးတော့ ဒီနေ့မှာ တောင်ကြီးမြို့ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လုံခြုံရေးအဖွဲ့ဝင်များ၏ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အဖွဲ့အစည်းအသီးသီးနှင့် လူပုဂ္ဂိုလ်အသီးသီးတို့မှ ကန့်ကွက်ရှုတ်ချခဲ့မှုများကြောင့် ယခုကဲ့သို့ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသေးသည့် ဖမ်းဆီးခံ ဆရာ၊ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားနှင့် မိသားစုဝင် ၁၀၀ ကျော်ကိုလည်း ပြန်လည်လွတ်မြောက်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

This image has an empty alt attribute; its file name is 405538526_122138321600030934_3595545495042626547_n.jpg

“ကျွန်တော်တို့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ အဖွဲ့အစည်းအသီးသီး လူပုဂ္ဂိုလ်အသီးသီးကနေ ကန့်ကွက်တာ၊ ရှုတ်ချတာတွေ လုပ်ခဲ့ပါတယ်။ ကန့်ကွက်ရှုတ်ချတာတွေ လုပ်ခဲ့တဲ့အတွက် ဒါပြန်လည်ပြီး လွတ်မြောက်လာတာဖြစ်ပါတယ်။ ဒီနေရာမှာကျန်ရှိခဲ့တဲ့ ကျန်ရှိနေသေးတဲ့ အင်အား ၁၀၀ ခန့်ရှိပါသေးတယ်။ ဒီအင်အား ၁၀၀ ခန့်နဲ့ ပတ်သက်ပြီး ပြန်လည်လွတ်မြောက်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

KNPP နှင့် PDF အဖွဲ့များသည် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ‌ရက်တို့တွင် စစ်ရေးနှင့် မသက်ဆိုင်သည့် ကယား ပြည်နယ် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည့် ပါမောက္ခချုပ် အပါဝင် ဆရာ၊ ဆရာမများ မိသားစုဝင်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးထားသည့် ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာများ တစ်စုံတစ်ရာ ထိခိုက်နစ်နာမှုရှိခဲ့ပါက ဖမ်းဆီးထားသည့် အဖွဲ့အစည်းသည် ကြီးလေးသည့်ပြစ်ဒဏ်ခံရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ပြောရေးဆို ခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်လွတ်မြောက်လာခြင်းလည်းဖြစ်သည်။

KNPP နှင့် PDF အဖွဲ့များအနေဖြင့် လွိုင်ကော်တက္ကသိုလ်ကို အင်အားအလုံးအရင်းအသုံးပြု ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်တွင် ပါမောက္ခချုပ် အပါဝင် ဆရာ၊ ဆရာမများ မိသားစုဝင်များအား CDM မပြုလုပ်သည့်အတွက် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ကာ လူသားတံတိုင်းအဖြစ် အသုံးပြုရန်အတွက် အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခြင်းသာဖြစ်ပြီး ဆရာ၊ ဆရာမအချို့ကိုလည်း ရက်စက်စွာသ-တ်ဖြ-တ်ခဲ့မှုများလည်း ရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *