(The Interpreter က ဖော်ပြခဲ့သော Shaun Cameron ရေးသားသည့် Why is Myanmar’s new deep-sea port such hot property? အား ဆီလျော်သလို ကောက်နုတ်ပြန်ဆို ဖော်ပြအပ်ပါသည်။)
၂၅. ၁၁. ၂၀၂၃
Translated by Htwe Ko Tun
မြန်မာနိုင်ငံရဲ့ အနောက်ဘက်အစွန်ဆုံး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးက တံငါရွာလေးတစ်ရွာဟာ အခုဆိုရင်တော့ အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလျံ ရင်းနှီးမြုပ်နှံတည်ဆောက်ရာ ရေနက်ဆိပ်ကမ်းတစ်ခုအဖြစ် ဖွံ့ဖြိုးလာဖို့ တရုတ်နိုင်ငံရဲ့ နိုင်ငံပိုင်လုပ်ငန်းတွေက အလေးထားခဲ့ကြရာ နေရာဖြစ်လာခဲ့ပါတယ်။ ရေနက်ဆိပ်ကမ်းနဲ့အတူ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံရင်းနှီးမြုပ်နှံတည်ဆောက်မယ့် အထူးစီးပွားရေးဇုံလည်းပါဝင်လာပါသေးတယ်။
တရုတ်နိုင်ငံအနေနဲ့ ပင်လယ်ဓားပြတွေအန္တရာယ်ကို ကြောက်ရပြီး စစ်ဆေးရေးဂိတ်တွေလည်းရှိတဲ့ မလက္ကာရေလက်ကြားကို သူ့နိုင်ငံအတွက် ရေနံတင်သင်္ဘောတွေရှောင်ရှားကာ ကုန်သွယ်ရေးအတွက် မြန်မာနိုင်ငံအတွင်းဖြတ်သန်းမယ့် ကုန်းတွင်းလမ်းကို ရွေးဖို့စဉ်းစားခဲ့ခြင်းဖြစ်လို့ ကျောက်ဖြူရေနက် ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းစတင်ဖို့ တွန်းအားပေးနေတာကလည်း သူ့အတွက် အဓိပ္ပါယ်ရှိလှပါတယ်။ ဒီမှာ ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေကို ကာကွယ်မှုပြုဖို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ အကုန်အကျခံမှာပါ။ ဒီစီမံကိန်းတွေကနေ ရလဒ်အနေနဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုအလားအလာတစ်ချို့ကို ရလာနိုင်တာတွေ့ရမှာဖြစ်ပြီး ဒေသခံဆိပ်ကမ်းကိုတော့ နှစ်ဖက်စလုံးက မျှဝေသုံးစွဲသွားကြမယ်လို့ ယူဆရပါတယ်။
Asia Society အဖွဲ့ရဲ့သတင်းတစ်ပုဒ်မှာတော့ ကျောက်ဖြူဆိပ်ကမ်းက တရုတ်လွတ်မြောက်ရေးတပ်မတော်ရေတပ်သင်္ဘောတွေ ဆိုက်ရပ်နားရာနေရာတစ်ခု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးနဲ့ ဥပဒေအရ တင်းကျပ်မှုတွေအရ တရုတ်ရေတပ်အတွက် အခြေစိုက်စခန်းတစ်ခုအဖြစ် တည်ရှိလာဖို့က သိပ်တော့မဖြစ်နိုင်လှပါဘူး။ နိုင်ငံတစ်ခုအပေါ် ကွဲပြားခြားနားတဲ့လွှမ်းမိုးမှုတွေ ရယူနိုင်ဖို့ အားထုတ်ကြိုးပမ်းမှုက ခုလို အခြေခံအဆောက်အအုံတစ်ခုကို လွတ်လပ်စွာအသုံးပြုနိုင်မှုကို ထိခိုက်နိုင်ပါတယ်။
တရုတ်နိုင်ငံရဲ့ လုပ်ငန်းတွေအနေနဲ့ ရေနက်ဆိပ်ကမ်းကို နှစ် ၅၀ အတွက် ၇၀ ရာခိုင်နှုန်းပိုင်ဆိုင်မှုနဲ့ ငှားရမ်းမဲ့သဘောတူညီချက်အရ စတင်အကောင်အထည်ဖော်တည်ဆောက်ခွင့် ရရှိပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရရှိတဲ့ရေနက်ဆိပ်ကမ်းကို နှစ် ၅၀ အတွင်း ၃၀ ရာခိုင်နှုန်းပိုင်ဆိုင်မှုက နိုင်ငံရဲ့ ၂၀၂၃ ခုနှစ် ပြည်တွင်းအသားတင်ထုတ်လုပ်မှုပမာဏတန်ဖိုးရဲ့ လေးရာခိုင်နှုန်း ရှိပါတယ်။ နိုင်ငံရဲ့ အနာဂတ်ကလည်း ကျောက်ဖြူ အထူးစီးပွားရေးဇုံ အောင်မြင်မှုအပေါ် အခြေပြုထားရတာမျိုးဖြစ်လာမှာပါ။ ဒါပေမယ့် မြန်မာအစိုးရဘက်က ငွေကြေး အတွက် အကုန်မပေးချေနိုင်သေးရင်တောင် ပိုမိုကြာရှည်တဲ့ငွေကြေးထောက်ပံ့မှုအဖြစ် တရုတ်ဘက်ကို ပေးသွားနိုင်မှာပါ။
တရုတ်အစိုးရကတော့ ဒီစီမံကိန်းကနေ မြန်မာနိုင်ငံကို စီးပွားရေးလွှမ်းမိုးမှုရနိုင်ဖို့အပြင် ကျောက်ဖြူဆိပ်ကမ်းကိုစစ်ဘက် အသုံးချခွင့်အချို့ ရနိုင်ရေးလည်းမျှော်လင့်တဲ့ အလားအလာရှိပါတယ်။ ဒါပေမယ့် ပိုင်နက်အငြင်း ပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်း စစ်ဖက်ရေးရာအသုံးပြုဖို လူလုပ်ကျွန်းတွေ တည်ဆောက်မှုလို လုပ်ရပ်က နိုင်ငံကြီးတစ်နိုင်ငံရဲ့လုပ်ပိုင်ခွင့်ကို လွန်လာတဲ့ မဟာ ဗျူဟာမျိုးအဖြစ် တရုတ်နိုင်ငံကို အရှေ့တောင်အာရှဒေသအတွင်း နိုင်ထက်စီးနင်းပြုမူခြင်းအဖြစ် သံသယရှိစေခဲ့တာပါ။
ဒီမှာ ကမ္ဘောဒီးယားနိုင်ငံ၊ ခိုကောင်( Koh Kong) ပြည်နယ်အတွင်း ဆိပ်ကမ်းနဲ့ အပန်းဖြေစခန်းတည်ဆောက်ခဲ့မှုဖွံ့ဖြိုးရေးစီမံကိန်းကို ဥပမာပြ ပြောချင်ပါတယ်။ ခိုကောင်ပြည်နယ်ဆိပ်ကမ်းက တရုတ် ဖျက်သင်္ဘောတွေရပ်နားနိုင်ဖို့ အထောက်အပံ့ပေးဖို့ ရည်ရွယ်ခဲ့တာပါ။ တဖန်ဖွံ့ဖြိုးမှုမရှိသေးတဲ့ ခိုရောင်ကျွန်း ဧည့်သည် ၆,၀၀၀ အတွက် အဆောက်အအုံတွေအပါအဝင်အပန်းဖြေစခန်း ကို တရုတ်ကတည်ဆောက် ပေးခဲ့တာလည်း မေးခွန်း ထုတ်စရာဖြစ်ခဲ့ရပြန်တယ်။ အဲဒီနေရာက ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဆွဲဆောင်မှု ရှိတဲ့နေရာလည်းမဟုတ်ပါဘူး။ တစ်ခါ ခိုရောင်ကျွန်းရဲ့ ပြေးလမ်းအရှည် ၂,၆၅၀ မီတာရှိတဲ့ ဒါရာဆာကို အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တရုတ်အစိုးရက တည်ဆောက်ပေးခဲ့ပြန်ပါတယ်။ ဒီလေယာဉ်ပြေးလမ်းအရှည်က တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ လူလုပ်ကျွန်းတွေရဲ့ လေယာဉ်ဆင်းကွင်းတွေနဲ့ ပြေးလမ်းအရှည်တူညီပြီး ကုန်တင်လေယာဉ်ကြီးတွေ ကောင်းစွာဆင်းသက်နိုင်ပါ တယ်။
ကမ္ဘောဒီးယားနိုင်ငံကစီမံကိန်းတွေလိုပဲ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံ စီမံကိန်းဟာ တရုတ်နိုင်ငံအနေနဲ့ ရည်ရွယ်ချက်နှစ်မျိုးနဲ့ အသုံးချဖို့အကောင်အထည်ဖော်ခဲ့တဲ့ စီမံကိန်းတွေဖြစ်နိုင်ပါတယ်။ ခိုကောင်ပြည်နယ်ဆိပ်ကမ်းဆိုရင် တရုတ်ကုမ္ပဏီကို ပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းနဲ့ ၉၉ နှစ်ငှားရမ်းဖို့သဘောတူညီချက်နဲ့ ဆောင်ရွက်ခဲ့တာပါ။
ဒီဖွံ့ဖြိုးမှုစီမံကိန်းတွေက အင်ဒို-ပစိဖိတ်ဒေသရဲ့ ပထဝီနိုင်ငံရေးနဲ့ မဟာဗျူဟာမြောက်တည်နေရာစခန်းလို့ဆိုရမယ့် သြစတြေးလျနိုင်ငံဆီ လုံခြုံရေးအဝင်တံခါးတွေလိုလည်းဖြစ်ပါတယ်။ သြစတြေးလျက မှီခို အားထားနေရတဲ့ ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတွေ လုံခြုံမှုရှိရေးနဲ့လည်း သက်ဆိုင်နေပါတယ်။ ဒေသတွင်းဆိပ်ကမ်းအခြေခံအဆောက်အအုံတွေကို တရုတ်နိုင်ငံက စစ်ရေးအတွက် အသုံးပြုနိုင်တယ်ဆိုတဲ့ပြောကြားမှုက အခုအချိန်မှာ ဆန္ဒစောလွန်းတယ်လို့ ဆိုနိုင်သော်လည်း တရုတ်နိုင်ငံအနေနဲ့ ဒေသတွင်းစီးပွားရေးလွှမ်းမိုးနိုင်မှု ကို ချဲ့ထွင်လာနေတာကတော့ အမှန်တကယ် အန္တရာယ် အဖြစ် တွေ့ မြင်ရမှာပါ။ ဒီတော့ သြစတြေးလျကလည်း တရုတ်နိုင်ငံရဲ့လွှမ်းမိုးမှုကိုတုံ့ပြန်ဖို့ အရှေ့တောင်အာရှဒေသမှာ ရေနက်ဆိပ်ကမ်းနဲ့ဖွံ့ဖြိုးရေးရင်းနှီးမြုပ်နှံမှုတွေပြုလာနိုင်ပါတယ်။
ဒီမှာတော့ ထိုင်းနိုင်ငံမှာလည်း လူပြောများတဲ့ ကရာတူးမြောင်း စီမံကိန်း(Kra Canal) ကို ဖော်ပြလိုပါတယ်။ဒီတူးမြောင်းကိုတော့ Kra Isthmus လို့လည်း ခေါ်ကြပါတယ်။ ဒီတူးမြောင်းကို အစကတော့ ရှေးခေတ်မြန်မာနိုင်ငံတော်တွေနဲ့ Siam ခေါ် ရှေးခေတ်ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်မှုလမ်းကြောင်းအဖြစ် ရှုမြင်ခဲ့ကြတာပါ။ ဒါပေမယ့်အခုခေတ်မှာတော့မလက္ကာရေလက်ကြားကိုရှောင်ကွင်းဖို့ရေလမ်းကြောင်းအဖြစ် သိလာခဲ့ကြပါတယ်။ ဒီတူးမြောင်းက ကပ္ပလီပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့တို့ကို ဆက်သွယ်ဖောက်လုပ်မှာဖြစ်ပြီး မလက္ကာရေလက်ကြားကို ပင်လယ်ကူးသင်္ဘောတွေ ရှောင်ကွင်းသွားလာနိုင်မှာပါ။ ထိုင်းနိုင်ငံရဲ့ ရနောင်းမြို့နဲ့ ချွမ်ပုန်းမြို့တို့ကို ဆက်သွယ်ပြီး တူးမြောင်းကိုဖောက်လုပ်ဖို့သြစတြေးလျနိုင်ငံက အဆိုပြုထားတာပါ။
သြစတြေးလျရဲ့ အဆိုပါတူးမြောင်းတူးဖော်ဖို့ ရင်းနှီးမြုပ်နှံမှုက နှစ်နိုင်ငံဆက်ဆံရေး များစွာတိုးတက် ကောင်းမွန်စေကာ ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းအသစ်တစ်ခုကို ဖန်တီးနိုင်မှာပါ။ ဒီမှာ Quad အဖွဲ့ဝင်တွေဖြစ်တဲ့ အမေရိကန်၊ ဂျပန်နဲ့ အိန္ဒိယနိုင်ငံတို့ကလည်း ရင်းနှီးမြုပ်နှံမှုမှာ ပါဝင်လာနိုင်ပါ တယ်။
ဒီလိုသာဆိုရင်ဖြင့် အရှေ့တောင်အာရှဒေသက စီးပွားရေးအင်အားကြီးနိုင်ငံတွေရဲ့ သူတို့သြဇာအာဏာ လွှမ်းမိုးရေး အပြိုင်အဆိုင်ကြိုးစားကြရာ ဒေသတစ်ခုဖြစ်လာမှာလား။ အင်အားကြီးနိုင်ငံတွေရဲ့ စီးပွားရေးချဲ့ထွင်လွှမ်းမိုးမှုနောက်မှာ စစ်ရေး၊ နိုင်ငံရေး ကြီးစိုးဖို့ လုပ်ရပ်တွေပါလာမှာလား။ အရှေ့တောင်အာရှနိုင်ငံတွေအဖို့ အင်အားကြီးတို့ရဲ့ အားပြိုင်မှုတွေကို ဘယ်လိုကြံ့ကြံ့ခံကြမလဲ ဆိုတာတွေက အရေးကြီးတဲ့ကိစ္စတွေဖြစ်လာပြီလို့ သုံးသပ်လိုပါတယ်။
Ref: ; The Interpreter