၂၃. ၁၁. ၂၀၂၃
Written by Peya
တို့ဗမာအစည်းအရုံးဝင် သခင်များထဲတွင် နောက်ဆုံးသခင်ဟု ဆိုနိုင်သည့် သခင်ဖေသန့်သည် အသက် ၁၀၀ ကျော် အရွယ် ယနေ့တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
“ဒီနေ့ မနက်ပိုင်း ၆ နာရီခွဲကျော်မှာ ဆုံးပါတယ်။ လူကြီးရောဂါပါပဲ။ သက်ရှိသမိုင်းတစ်ယောက် ဆုံးပါးသွားတာပါ။ နောက်ဆုံး လက်ကျန် သခင်လို့ ပြောရမယ့် ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
သခင်ဖေသန့်သည် အသက် ၁၀၁ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကာ နာရေးအခမ်းအနားကို လာမည့် နိုဝင်ဘာ ၂၅ ရက်၌ ရေဝေးသုသာန်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လွတ်လပ်ရေး ကြိုးပမ်းရာတွင် ပါဝင်ခဲ့သူ သခင်ဖေသန့်သည် ၁၉၃၈ တတိယကျောင်းသားသပိတ်တွင် သပိတ် မှောက်ကျောင်းသားအဖြစ် စတင်ခဲ့ပြီးနောက် သထုံခရိုင် တို့ဗမာအစည်းအရုံးအဖွဲ့ဝင်၊ ဂျပန်ခေတ်အာရှလူငယ်အဖွဲ့ဝင် အဖြစ်သာမက ဖက်ဆစ်ကို တော်လှန်ရာတွင် ပြောက်ကျားခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီး စစ်ပြီး ခေတ်တွင်လည်း သထုံခရိုင်ကျောင်းသားသမဂ္ဂခေါင်းဆောင်သာမက အခြား တာဝန်များကိုလည်း ယူခဲ့သူဖြစ်ကာ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့်ရရှိခဲ့သူလည်း ဖြစ်သည်။
Photo – Credit