၂၃. ၁၁. ၂၀၂၃
Written by Nyein Kyaw
မြန်မာ-တရုတ်နယ်စပ်ဂိတ်ဖြစ်သည့် ကျင်စန်းကျော့အတွင်းရှိ Seven ဟွာကျင့် ကုန်တင်ကုန်ချ ကားကြီးဝန်းကို MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့တို့က ဒရုန်းများဖြင့် Drop Bomb ချတိုက်ခိုက်ခဲ့၍ တရုတ်ဘက်မှ လူသုံးကုန်၊ ဆေးဝါး၊ အဝတ် အထည်၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ တင်ဆောင်ထားသည့် ကားအစီး ၁၂၀ ခန့်အထိ မီးလောင်ပျက်စီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားသည်။
“ဒီနေ့မှာတော့ မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ မူဆယ်မြို့နယ်၊ ကောင်းခံကျေးရွာအနီးမှာရှိတဲ့ Seven ဟွာကျင့် ကုန်တင်ကုန်ချကားကြီးကွင်းကို MNDAA နဲ့ TNLA ပူးပေါင်းအဖွဲ့ သောင်းကျန်းသူအဖွဲ့က ကောင်းခိုင်ရွာရဲ့ တောင်ဘက်ကနေ ဒရုန်းများနဲ့ ကားတွေအပေါ် Drop Bomb များ ကြဲချခဲ့တာရှိပါတယ်။ အဲဒီမှာ တရုတ်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံဘက်ကို Export တင်သွင်းလာတဲ့ကား ၂၅၈ စင်းရှိပါတယ်။ အဓိကတော့ လူသုံးကုန်
ပစ္စည်းတွေ၊ ဆေးဝါးပစ္စည်းတွေ၊ အဝတ်အထည်တွေ၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ၊ တင်ထားတဲ့ကားတွေဖြစ်ပါတယ်။ ဒီကားတွေဟာ လမ်းမှာကျွန်တော်တို့ မူဆယ်-မန္တလေးလမ်းမကြီး တလျှောက်မှာ TNLA နဲ့ MNDAA အဖွဲ့တွေက ကားလမ်းတွေဖျက်ဆီးပြီး တံတားများချိုးထားတဲ့အတွက် ဒီနေရာမှာ ရပ်တန့်နေရတဲ့ကားများဖြစ်ပါတယ်။ အဲဒီ ၂၅၈ စီးထဲက အစီး ၁၂၀ လောက် မီးလောင်ပျက်စီးခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မီးလောင်အားကောင်းသည့် ကုန်ပစ္စည်းများ ကုန်ကားများပေါ်၌ရှိခြင်းကြောင့် မီးလောင်အားအရှိန်ပြင်းခဲ့ပြီး မူဆယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၄ စီး၊ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားများနှင့် ပြည်သူ့စစ်တပ်ဖွဲ့များ ပူးပေါင်းမီးငြှိမ်းသတ်မှုကြောင့် ယနေ့ ညနေ ၄ နာရီခန့်မှသာ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ မူဆယ်မှာရှိတဲ့ မီးသတ်တပ်ဖွဲ့ မီးသတ်ကား ၄ စင်း၊ လုံခြုံရေးဆောင်ရွက်ပေးနေတဲ့ တပ်မတော်သားများ၊ ပြည်သူစစ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီးတော့ မီးငြှိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်လွယ်တဲ့ ပစ္စည်းတွေဖြစ်တဲတွက်ကြောင့်မို့ မီးအရှိန်ပြင်းပါတယ်။ ဒီညနေပိုင်း ၄ နာရီလောက်မှ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့သို့ တိုက်ခိုက်ခြင်းအား သတင်းမှားအဖြစ် တပ်မတော်က ဆောင်ရွက်သည်ဟု ပြည်ပရောက် အနောက်နိုင်ငံများ၏ အထောက်အပံ့ယူထားသည့် မီဒီယာများက ဦးစွာမဟုတ်မမှန်သတင်းထုတ်လွှင့်ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးကို ပျက်ပြားလာအောင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုကိစ္စနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို မျက်မြင်သက်သေများရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ပြည်ဖျက်မီဒီယာများအနေနဲ့ အနောက်မှ အထောက်အပံ့ပေးထားတဲ့ မီဒီယာများအနေနဲ့ ဒါတရုတ်နဲ့ မြန်မာ ဆက်ဆံရေးပိုမိုပြီးတော့ ပျက်ပြားလာအောင် တစ်ဦးနဲ့တစ်ဦး အထင် အမြင်လွဲအောင် လုပ်ဆောင်နေတာရှိပါတယ်။ မူဆယ်မှာရှိတဲ့ ကျင်စန်းကျော့ဂိတ်နဲ့ ပတ်သက်ပြီး Drops Bomb ချပြီးတော့ MNDAA နဲ့ TNLA အကြမ်းဖက်သောင်းကျန်းသူတွေ Drops Bomb ချပြီး ပစ်ခတ်တာကို တပ်မတော်က ပစ်ခတ်သယောင်လုပ်ခဲ့တာမျိုးကို အလုအယက်ချက်ချင်း ထုတ်လွှင့်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဘယ်သူတွေလုပ်တယ်ဆိုတာ ဒီနယ်မှာရှိတဲ့ ဒေသခံတွေသိပါတယ်။ ဘယ်သူတွေက မီးငြှိမ်းသတ်ပေးနေရတယ်ဆိုတာ ဒီနယ်မြေမှာရှိတဲ့ ဒေသခံတွေရော၊ သက်သေတွေရောရှိတယ်လို့ ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
စစ်ဆင်ရေးနှင့်မသက်ဆိုင်သည့် နှစ်နိုင်ငံကုန်သွယ်ရေးတွင် မြန်မာနိုင်ငံအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် လူသုံးကုန်၊ ဆေးဝါး၊ ဆောက်လုပ်ရေးပစ္စည်းများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းက ပြည်သူလူထုနှင့် ပတ်သက်သည့် စီးပွားရေးကို တိုက်ရိုက်ထိပါးစော်ကားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။