October 19, 2024

(The Jakarta Post က နိုဝင်ဘာ ၂၃ ရက်တွင်ရေးသားသည့် RI’s last Myanmar initiative အယ်ဒီတာ့အာဘော်အား ဆီလျော်အောင် ကောက်နုတ်ပြန်ဆိုဖော်ပြထား​ခြင်းဖြစ်ပါသည်)

၂၄. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ရဲ့ အလှည့်ကျဥက္ကဋ္ဌသက်တမ်းတာဝန် မကြာမီပြီးဆုံးတော့မှာဖြစ်တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို(ဂျိုကိုဝီ)အနေနဲ့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား နယ်စပ်တလျှောက်မှာ ဆိုးဝါးလာတဲ့ လုံခြုံရေးအခြေအနေကို အခွင့်ကောင်းအရယူကာ မြန်မာနိုင်ငံအပေါ် သံတမန်ရေးအရ ထိုးစစ်ဆင်မှုကိုပြုနိုင်ဖို့ အင်အားကြီးနိုင်ငံတွေ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ထိတွေ့ဆွဲဆောင်မှုတွေပြုသင့်တယ်လို့ Jakarta Post သတင်းစာရဲ့ဆောင်းပါးတစ်ပုဒ်က နိုဝင်ဘာ ၂၃ ရက်မှာ ဖော်ပြခဲ့ပါတယ်။ ဒီလိုပြုလုပ်တာက ပြည်တွင်းစစ်မီးတိုးမြင့်လာကာ အကျပ်အတည်းပေါင်းစုံ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းသော အဖြေရှာချက်ဖြစ်မယ်လို့လည်း ဆိုပါတယ်။

ခုလိုအခြေအနေမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆုဒီအနေနဲ့ အခြားသောပြည်ပနိုင်ငံတွေက နိုင်ငံခြား ရေးဝန်ကြီးတွေ၊ အထူးသဖြင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ဖို့ ညှိနှိုင်းရန်တွေ့ဆုံသင့်ပါတယ်။ ဒီအချိန်က အာဆီယံရဲ့ အရေးအကြီးဆုံး ဆွေးနွေးဖက်တစ်ဦးလည်းဖြစ်တဲ့ တရုတ်နိုင်ငံပါ ပတ်သက်နေတဲ့ ရှားရှားပါးပါး အခွင့်ကောင်းအချိန်အခါပါပဲ။

အင်ဒိုနီးရှားအနေနဲ့ ပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းအသစ်တစ်ခုကို စဉ်းစားရာမှာ နောက်တွန့်မနေသင့်ပါဘူး။ ပြီးခဲ့တဲ့နှစ်နှစ်ကိုပြန်ကြည့်ရင် မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာကို ထိန်းသိမ်းထားခဲ့ပြီးတဲ့ အချိန်ကစလို့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့လုံခြုံရေးနဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေကို ဖြေရှင်းဖို့ကြိုးစားရာမှာ အင်အားကြီးနိုင်ငံတွေရဲ့ပါဝင်ပတ်သက်မှု မရှိခဲ့ပါဘူး။ ဒီလိုနည်းလမ်းက အောင်မြင်မှုမရနိုင်တာ တွေ့ခဲ့ကြပါပြီ။ ပြဿနာက မြန်မာနဲ့ အာဆီယံထက် ပိုလို့ကျယ်ပြန့်လာပါပြီ။

စက်တင်ဘာလအတွင်းက ဂျာကာတာမှာ ကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ထုတ်ပြန်ခဲ့တဲ့ပူးတွဲကြေညာချက်မှာ အာဆီယံခေါင်းဆောင်တွေက မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဒီအကြမ်းဖက်မှုတွေရဲ့ဒဏ်ကို ပြည်သူတွေကြာရှည်စွာခံစားနေကြရပြီး လူသားချင်းစာနာမှု အကျပ်အတည်းအခြေအနေတစ်ရပ်ကို ဖန်တီးပေးသကဲ့သို့ရှိကာ အများပြည်သူပိုင်အဆောက်အအုံတွေ ပျက်စီးရတဲ့အပြင် ဒေသတည်ငြိမ်မှု၊ အထူးသဖြင့်  နယ်စပ်ဒေသတလျှောက်တွေမှာ ဆိုးရွားစွာသက်ရောက်မှုရှိလာပါတယ်။

အာဆီယံခေါင်းဆောင်တွေက မြန်မာနိုင်ငံရဲ့အစိုးရအနေနဲ့ အာဆီယံရဲ့အများသဘောတူ တူညီဆန္ဒ ငါးချက်ကို အပြည့်အဝအကောင်အထည်ဖော်တဲ့ထိ အာဆီယံတရားဝင် အစည်းအဝေးတွေ မြန်မာနိုင်ငံကို တက်ရောက်ခွင့်မပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမယ့်ဒီဆောင်ရွက်ချက်က တိုးတက်မှုမရှိခဲ့တာ တွေ့ရမှာပါ။

ခုဆိုရင် လာအိုနိုင်ငံက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူတော့မှာဆိုတော့ လက်ရှိဥက္ကဋ္ဌ ဂျိုကိုဝီအဖို့ ဥက္ကဋ္ဌသက်တမ်းကတစ်လသာ ကျန်ပါတော့တယ်။ အင်ဒိုနီးရှားအနေနဲ့ သူ့ရဲ့ အာဆီယံဥက္ကဋ္ဌသက်တမ်းကာလအတွင်းမှာလည်း မြန်မာနိုင်ငံကို အများသဘောတူ တူညီဆန္ဒငါးချက်အား လိုက်ပါသဘောတူဆောင်ရွက်ဖို့ တိုးတက်မှုတစ်စုံတစ်ရာ ထိထိရောက်ရောက် လုပ်မပြနိုင်ခဲ့ပါဘူး။

ဂျိုကိုဝီ အနေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိသူပါ။ မြန်မာနိုင်ငံအရေးမှာ အာဆီယံနဲ့အတူ တရုတ်နိုင်ငံကလည်းပါဝင်ဆောင်ရွက်ဖို့ သမ္မတရှီကို တွေ့ဆုံဆွေးနွေးဖို့က ဂျိုကိုဝီအတွက် အကျိုးမရှိဖြစ်မယ်လို့တော့မထင်ပါဘူး။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ မည်သူအာဏာရယူထားသည်ဖြစ်စေ လွှမ်းမိုးဩဇာသက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်။

မြန်မာနိုင်ငံရဲ့ တပ်မတော်အစိုးရအနေနဲ့လည်း လူမျိုးစုလက်နက်ကိုင်တွေရဲ့ ပုန်ကန်မှုကြောင့် စိုးရိမ်ဖွယ် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်ပါ။ သူပုန်တွေကထုတ်လွှင့်တဲ့ ဗီဒီယို တချို့အရတော့ သူတို့က ရှမ်းပြည်နယ်အတွင်း မြန်မာ့တပ်မတော်တပ်စခန်းတချို့ကို သိမ်းထားတာ တွေ့ရမှာပါ။ တရုတ်အစိုးရအနေနဲ့လည်း မြန်မာနိုင်ငံနယ်စပ်ဒေသတလျှောက် ရာဇဝတ်မှုဆောင်ရွက်ချက်တွေက တရုတ်နိုင်ငံသားများအပေါ် ပစ်မှတ်ထားလုပ်ဆောင်နေတယ်ဆိုတာ သတိပေးမှုအပေါ် မြန်မာအစိုးရအနေနဲ့ လျစ်လျှူရှုထားမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပါတယ်။

Global Times သတင်းစာမှာဖော်ပြချက်အရဆိုရင်လည်း တရုတ်- မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုရှိရေး၊ ထိုဒေသအတွင်း တရုတ်နိုင်ငံသားများ လုံခြုံစိတ်ချရမှုရှိစေရေးနဲ့ မြန်မာနိုင်ငံအတွင်းရှိတရုတ်နိုင်ငံမှတာဝန်ရှိသူများ၊ အဖွဲ့အစည်းများနဲ့ စီမံကိန်းများလုံခြုံမှုခိုင်မာစေရန် ဆောင်ရွက်ရေးတို့မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ တရုတ်အစိုးရကပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းနိုင်ငံခြားသားဒေသမှ ထိုင်းနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားအချို့ကို ကယ်ထုတ်ရာမှာ လွယ်ကူချောမွေ့စေဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုခဲ့ပါတယ်။ ထိုဒေသမှ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေမှုအား ရှောင်ရှားနိုင်ဖို့ နိုင်ငံခြားသားတွေကို တရုတ်နိုင်ငံအတွင်း ဖြတ်သန်းစေကာ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ဆက်သွယ်ပြီး အကူအညီပေးသွားမယ်လို့ သူမကပြောခဲ့ပါတယ်။

ဒါ့ပြင် မော်နင်းက မြန်မာနိုင်ငံမြောက်ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခစတင်ကတည်းက ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးပွဲများကိုအဆင့်မြှင့်တင်ခြင်းဖြင့် အပြုသဘောနည်းလမ်းဖြင့်သာ ပါဝင်ဆောင်ရွက်နေပြီး ပဋိပက္ခမှာပါဝင်နေသူအားလုံးကိုလည်း ပြည်သူတို့အကျိုးကိုဦးစားပေးကာ ပစ်ခတ်မှုများ အတတ်နိုင်ဆုံးရပ်ဆိုင်းဖို့ တိုက်တွန်းပါကြောင်းလည်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီးကြာရှည်စွာတောက်လောင်နေရခြင်းက မြန်မာနိုင်ငံငြိမ်းချမ်းရေးကို ကြိုးပမ်းနေတဲ့ အာဆီယံအတွက်လည်း စိုးရိမ်ဖွယ်အကြောင်းတစ်ရပ်ပါ။ ဒါကြောင့်လည်း အခုအချိန်မှာ အင်ဒိုနီးရှားအနေနဲ့ ဥက္ကဋ္ဌသက်တမ်းမှာ နောက်ဆုံးကြိုးပမ်းမှုအဖြစ် တရုတ်နိုင်ငံကိုလည်း မြန်မာအစိုးရအပေါ် ဖိအားပေးဆောင်ရွက်ဖို့ ချဉ်းကပ်တိုက်တွန်းဆောင်ရွက်သင့်တယ်လို့ သုံးသပ်မိပါတယ်။

Ref; Jakarta Post

Leave a Reply

Your email address will not be published. Required fields are marked *