October 19, 2024

၂၄. ၁၁. ၂၀၂၃
Written By Thandar

၁၉၄၂ ခုနှစ်က တမီလ်လူမျိုးအကြောင်း အခြေခံရိုက်ကူးပြီး ပြည်ပနိုင်ငံအထိ ထိုးဖောက်မယ့် Horror ဇာတ်လမ်းပုံစံ “နတ်ဆိုးဘုရင်”ရုပ်ရှင်ဇာတ်ကားကြီး မီဒီယာမိတ်ဆက် တွေ့ဆုံပွဲကို ဒီနေ့ နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်း ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Tamil International မှာ ကျင်းပခဲ့ပါတယ် ။

“ဒီကားထဲမှာ အခက်အခဲဘာရှိလဲဆိုရင် ပါဝင်တဲ့ အဓိကသရုပ်ဆောင်လေးယောက်က ဘဝနှစ်ခု ဆက်နွှယ်မှုရှိတယ်။ ပထမ ဘဝမှာ ဘာသာတစ်ခုအကြောင်း ဒုတိယဘဝက ဘာသာတစ်ခုအကြောင်းဆိုတော့ ဒီနှစ်ခုကိုလည်း ကွဲကွဲပြားပြားဖြစ်အောင် ပြရမယ်။ အဲဒါကြောင့် ၁၉၄၂ ခုနှစ်က သုံးသွားတဲ့အသုံးအဆောင် ပစ္စည်းတွေ လိုတယ်။ တူရိယာတွေကအစ အကုန် ကုန်ကျစရိတ်ကို တွက်လိုက်တော့ ကုန်ကျစရိတ်က အများကြီးကျတယ်။ သရုပ်ဆောင်တွေ ဝတ်မယ့် အဝတ်အစားတွေကအစ အိန္ဒိယမှာ သွားချုပ်တာဆိုတော့ ထုတ်လုပ်မှု ကုန်ကျစရိတ်က အရင်ဇာတ်ကားတွေထက် လေးဆ၊ ငါးဆလောက် ပိုကုန်ကျတယ် ”လို့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က MTNews Entertainment ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-24_15-00-38-683x1024.jpg

ဒီဇာတ်ကားကို Ainda Production က ထုတ်လုပ်ပြီး ဇာတ်လမ်း မောင်မြတ်ဆွေ ၊ ဇာတ်ညွှန်း အောင်ကြီးတို့က ၁၉၄၂ ခုနှစ်က တမီလ်လူမျိုးအကြောင်း အခြေခံဇာတ်လမ်းကို တမီးလ်ဘာသာစကားပြောကိုပါ ထည့်သွင်းပြောသွားမယ့်အပြင် အိန္ဒိယက အကပညာရှင်တွေလည်း ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ နတ်ဆိုးဘုရင် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က သရုပ်ဆောင်တွေဖြစ်တဲ့ သုတအောင် ၊ မျိုးစန္ဒီကျော် ၊ အိမ့်ချစ်ချစ် စတဲ့အနုပညာတွေနဲ့ လာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီအတွင်း ရန်ကုန်၊ နေပြည်တော် ၊ ပြင်ဦးလွင် တို့ဘက်မှာ ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။

“နတ်ဆိုးဘုရင်ကတော့ ကျွန်တော် ရိုက်နေကျ သာမာန်ကားတစ်ကားဆိုပေမယ့် သရဲဇာတ်လမ်းပုံစံပါ။ ပထမတော့ ရှေးနန်းတွင်းဘုရင်ဇာတ်လမ်းတစ်ခုကို အခြေခံထားပေမယ့် ဆင်ဆာနဲ့ပတ်သက်ရင် မှန်ကန်တဲ့ အထောက်အထားပေးရမှာဆိုတော့ ဆင်ဆာငြိနိုင်တယ်။ ဘယ်မင်းရယ်လို့သတ်မှတ်မထားဘူး။ စိတ်ကူးယဥ်ဇာတ် ဆိုတော့လေ။ မင်းတစ်ပါးရဲ့ သမိုင်းအထောက်အထားကို မပေးနိုင်တဲ့အတွက်ကြောင့် ကျွန်တော်က မင်းစိုးရာဇာ အာဏာရှင် မင်းတစ်ပါးထည့်ရိုက်မှာမို့ စိတ်ကူးယဥ်လိုက်တော့ ခေတ်အခြေအနေရ တမီလ်လူမျိုး တစ်ယောက်နေရာထားလိုက်တယ်။ ဘတ်ဂျက်ကတော့ တော်တော်ကြီးသွားတယ်။ တခြားပြည်ပကို ပြသနိုင်ဖို့အတွက် ဇာတ်လမ်းပုံစံထူးခြားဆန်းပြားအောင် ဖန်တီးထားပါတယ်”လို့ Ainda Production ၊ ဇာတ်ညွှန်း ကိုအောင်ကြီး က MTNews Entertainment ကိုပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *