October 19, 2024

၂၄. ၁၁. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားလာခြင်းကြောင့် မြန်မာနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကျပ်ထားကြောင်း အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ဝန်ကြီးချုပ်အမ်ဘီရမ်ဆင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။

“မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကြောင့် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသတစ်လျှောက်ကို တပ်ဖွဲ့ဝင်အများအပြား ဖြန့်ကြက်ချထားတယ်။ အာသံရိုင်ဖယ်တပ်ရင်းအပြင် ပြည်နယ်လုံခြုံရေးအဖွဲ့များ၊ BSF အဖွဲ့ များနဲ့ CRPF အဖွဲ့များကို ဖြန့်ကြက်ချထားပါတယ်။ ကျွန်တော်တို့ဟာအခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်”ဟု အမ်ဘီရမ်ဆင်းက ပြောသည်။

ချင်းပြည်နယ်တွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း တပ်မတော်သား ၇၄ ဦးသည် အိန္ဒိယနိုင်ငံပိုင်နက်ထဲသို့ တိမ်းရှောင်ခိုလှုံခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် မဏိပူရပြည်နယ်ဝန်ကြီးချုပ်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ် ချန်ဖိုင်းဒေသတွင် ရဲတပ်ဖွဲ့က အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ခိုလှုံလာသော မြန်မာတပ်မတော်သားများကို ထိန်းသိမ်းခဲ့ပြီးနောက် တပ်မတော်သားများကို အာသံရိုင်ဖယ်တပ်ရင်းထံ လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။ အိန္ဒိစစ်တပ်သည် မြန်မာတပ်မတော်သား ၇၄ ဦးကို မြန်မာနိုင်ငံ တမူးမြို့ရှိ တပ်မတော်အရာရှိများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။

ချင်းပြည်နယ်တွင်တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် မြန်မာနိုင်ငံသား ၁၄၀၀ ကျော်သည် မီဇိုရမ်ပြည်နယ် ချန်ဖိုင်းမြို့ရှိ ယာယီခိုလှုံရေးစခန်းများကို သွားရောက်ခိုလှုံခဲ့ကြောင်း သိရသည်။

မဏိပူရပြည်နယ်ဝန်ကြီးချုပ်က “ကျွန်တော်တို့မှာ မြန်မာနိုင်ငံဘက်ခြမ်းကနေ ထွက်ပြေးလာတဲ့သူတွေ ထားရှိဖို့ ယာယီနားခိုရာစခန်းတွေ ပျက်စီးနေတယ်။ လက်ရှိအချိန်မှာတော့ ပျက်စီးနေတဲ့ ယာယီခိုလှုံရေးစခန်းတွေကို ပြန်လည်တည်ဆောက်ဖို့ စတင်လုပ်ဆောင်နေတယ်” ဟုပြောသည်။

Ref;/abplive.

Leave a Reply

Your email address will not be published. Required fields are marked *