October 19, 2024

၂၄. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

ဩစတြေးလျနိုင်ငံ၏ smartraveller.gov.au ဝက်ဘ်ဆိုတ်က ရန်ကုန်မြို့အပါအဝင် နေရာအများအပြား၌ ဗုံးပေါက်ကွဲမှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုများကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ နေရာမရွေး၊ အချိန်မရွေး ဖြစ်ပွားနိုင်သောကြောင့် မြန်မာနိုင်ငံသို့ခရီးသွားလာခြင်းမပြုကြရန်အတွက် ဆက်လက်အကြံပြုပါကြောင်း သုံးသပ်ဖော်ပြခဲ့သည်။

smartraveller.gov.au က ဩစတြေးလျနိုင်ငံသားများ ပြည်ပနိုင်ငံများသို့ ခရီးသွားလာ ခေတ္တနေထိုင်ကြရာ၌ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းစေရေးနှင့် ပြဿနာများကိုရှောင်ရှားနိုင်ရေးအတွက် အကူအညီပေးရန် ဩစတြေးလျအစိုးရက တည်ထောင်ထားခြင်းဖြစ်သည်။

ဝက်ဘ်ဆိုတ်က မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများက ပြည်သူအများသွားလာရာနေရာများနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများအပါအဝင် နိုင်ငံခြား သားများမကြာခဏသွားလေ့ရှိသော နေရာများတွင် ဖြစ်ပွားနိုင်ကြောင်း၊ ဖြစ်ပွားမည့်နေရာများနှင့် ပြင်းထန်မှုတို့ ကြိုတင်ခန့်မှန်း၍မရနိုင်ကြောင်း၊ အချိန်တိုင်း၌ လုံခြုံရေးသတိရှိနေရန်လိုကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် နှစ်ပတ်လည်နေ့များ၊ နိုင်ငံ၏ ထူးခြားထင်ရှားသောနေ့များတွင် အသွားအလာနည်းနိုင်သမျှနည်းနိုင်ကြစေလိုပြီး မီဒီယာများကို စောင့်ကြည့်စစ်ဆေးရန်လည်းအကြံပြုခဲ့သည်။

ဆက်လက်၍ အဆိုပါဝက်ဘ်ဆိုတ်က မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများအားအပါအဝင် ကျယ်ပြန့်သော ဖမ်းဆီးချုပ်နှောင်မှုများကို ပြုလုပ်နေသဖြင့်သတိထားကြရန်လည်း ပြောခဲ့သည်။ ဩစတြေးလျနိုင်ငံသားများဆိုလျှင်တစ်ဖက်သတ် ဖမ်းဆီးခံနေရသည်ဟု ထိုဝက်ဘ်ဆိုတ်ကဆိုခဲ့သည်။ သို့သော် ထိုသို့ဖမ်းဆီးခံရသူ နိုင်ငံခြားသားများနှင့် အကယ်၍ ဖမ်းဆီးခံရလျှင်လည်း တစ်ဖက်သတ်ဖမ်းဆီးခံရခြင်းမျိုး ဟုတ်မဟုတ် ဝက်ဘ်ဆိုတ်က အတိအကျမဖော်ပြခဲ့ပေ။

နောက်ဆုံးအနေဖြင့်မူ ဝက်ဘ်ဆိုတ်က မြန်မာနိုင်ငံတွင် အလုပ်အကိုင်နှင့် လစာအလွန်ကောင်းစွာရမည်ဟု အွန်လိုင်းခေါ်ယူမှုများကို အထူးသတိရှိကြရန်လိုကြောင်း၊ နိုင်ငံခြားသားများကို လူမှောင်ခိုဂိုဏ်းများက ရန်ကုန်မြို့သို့တိုက်ရိုက်(သို့မဟုတ်)အိမ်နီးချင်းနိုင်ငံတစ်ခုမှတစ်ဆင့် ဝင်ရောက်စေကာ လိမ်လည်မှုများတွင် လစာကိုမူအလွန်နည်းပါးစွာပေးလျက် အနေအထိုင်အခြေအနေများဆင်းရဲကာ အသွားအလာ ကန့်သတ်ပြီး လုပ်ကိုင်စေသည့်အပြင် ပြင်းထန်သောအကြမ်းဖက်မှုများလည်း ခံနေရကြောင်း ပြောခဲ့သည်။

ထိုအချက်များကြောင့် လုံခြုံစိတ်ချရမှုအန္တရာယ်ရှိကာ ပြည်တွင်းမငြိမ်သက်မှုနှင့် လက်နက်ကိုင်ပဋိပက္ခတို့လည်းဖြစ်ပွားနေခြင်းကြောင့် မြန်မာနိုင်ငံသို့ ခရီးမသွားကြရန် ထိုဝက်ဘ်ဆိုတ်က အကြံပြုပါသည်ဟု ဖော်ပြခဲ့သည်။

Ref- smarttraveller.gov.au

Leave a Reply

Your email address will not be published. Required fields are marked *