October 19, 2024

၂၄. ၁၁. ၂၀၂၃
Written by Pan Ei

တောင်ကိုရီးယား နာမည်ကျော် အမျိုးသားအဆိုရှင် အဖွဲ့ BTS ရဲ့ အဖွဲ့ဝင် သုံးဦးဟာ လက်ရှိမှာ စစ်မှုထမ်းနေပြီး စစ်မှုထမ်းဖို့ ကျန်ရှိနေတဲ့ အဖွဲ့ဝင် လေးဦးဟာလည်း လာမယ့် ဒီဇင်ဘာလမှာ စစ်မှုထမ်းရတော့မယ်လို့ သိရပါတယ်။

BTS ရဲ့ အေဂျင်စီ HYBE က စစ်မှုထမ်းဖို့ ကျန်ရှိနေတဲ့ အဖွဲ့ဝင်လေးဦးဖြစ်တဲ့ RM၊ Jimin၊ V နဲ့ Jungkook တို့ဟာ စစ်မှုထမ်းခြင်းလုပ်ငန်းစဉ်ကို စတင်နေပြီလို့ ပြောကြားခဲ့ပြီး “လာမယ့် ဒီဇင်ဘာမှာ စစ်မှုထမ်းဖို့ မင်းတို့ကို ခဏလောက်ထားခဲ့မယ်” လို့လည်း Jungkook က ပရိသတ်တွေကို သီးသန့်စာတိုတစ်စောင်နဲ့ ပြောကြားခဲ့ပါတယ်။

အခုလက်ရှိမှာ Jin၊ J-Hope နဲ့ Suga တို့ဟာ စစ်မှုထမ်းနေကြခြင်းဖြစ်ကာ အဖွဲ့ဝင် ခုနစ်ဦးစလုံးက သူတို့ရဲ့စစ်မှုထမ်းတာတွေကို ၂၀၂၅ ခုနှစ် နှစ်လယ်မှာ အပြီးသတ်ဖို့ မျှော်လင့်ထားပါတယ်။

တောင်ကိုရီးယားဥပဒေအရ ကျန်းမာသန်စွမ်းတဲ့ အမျိုးသားအားလုံးဟာ အသက် ၁၈ နှစ်ကနေ အသက် ၃၀ မကျော်ခင် စစ်မှုမထမ်းမနေရဖြစ်ပြီး ၁၈ လကနေ ၂၁ လအထိ တာဝန်ထမ်းဆောင်ရမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံအဆင့်ပြိုင်ပွဲတွေမှာ ထိပ်တန်းဆုတွေ ဆွတ်ခူးပြီး နိုင်ငံ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်တဲ့ အားကစားသမားတွေ၊ ဂန္တဝင်နဲ့ ရိုးရာဂီတသမားတွေ၊ ဘဲလေးနဲ့ အခြားအကသမားတွေကို အထူးကင်းလွတ်ခွင့်ပေးထားပါတယ်။

BTS အဖွဲ့ဝင်တွေကိုလည်း စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့်ပေးဖို့ တောင်းဆိုမှုတွေရှိခဲ့သလို ငြင်းခုန်မှုတွေလည်း ရှိခဲ့တာဖြစ်ပြီး BTS ရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင် Jin က ၂၀၂၂ ခုနှစ် ၁၂ လပိုင်းကစကာ အဖွဲ့ဝင်တွေထဲမှာ ပထမဆုံးအနေနဲ့ စတင် စစ်မှုထမ်းခဲ့တာပါ။

Ref; The Guardian

Leave a Reply

Your email address will not be published. Required fields are marked *