၂၄. ၁၁. ၂၀၂၃
Written by Pan Ei
ထိုင်းနိုင်ရဲ့ ပြည်ထဲရေးဝန်ကြီး အန်နူတင် ချားန်ဗီရာကူးလ် ဟာ သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်ထုတ်ပေးခြင်းကို တစ်နှစ်ရပ်ဆိုင်းဖို့ ညွှန်ကြားထားတဲ့ အမိန့်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးရဲ့ အတွင်းရေးမှူး ထရိုင်ဆာရီ တိုင်ဆာရာနာကူက ပြောကြားခဲ့ပြီး သေနတ်နဲ့အကြမ်းဖက်မှုတွေကို လျှော့ချဖို့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ သိရပါတယ်။
ပုဒ်မ ၁၂ အရ အဆိုပါအမိန့်မှာ သေနတ်၊ ခဲယမ်းမီးကျောက်၊ ပေါက်ကွဲစေတတ်တဲ့ မီးရှူးမီးပန်းနဲ့ အတုအယောင်သေနတ်တွေလည်း အပါအဝင်ဖြစ်တယ်လို့ သူမက ပြောပါတယ်။
အခုလက်ရှိမှာတော့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ဆီ အတည်ပြုချက်ရယူဖို့ ပေးပို့ထားပြီး တော်ဝင်ပြန်တမ်းမှာ ထုတ်ပြန်ကြေညာပြီး နောက်တစ်နေ့မှာ အကျုံးဝင်မှာဖြစ်တယ်လို့ သူမက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သေနတ်ထိန်းချုပ်ရေးအမိန့်ဟာ တာဝန်ကျချိန် သေနတ်ကိုင်ဆောင်ခွင့်ရှိတဲ့ ရဲလိုမျိုး ပြည်နယ်အရာရှိတွေနဲ့ မသက်ဆိုင်ကြောင်း မစ္စထရိုင်ဆာရီက ပြောကြားခဲ့ပါတယ်။
ဘန်ကောက်မှာ သေနတ်ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အများပြည်သူတွေကို သေနတ်လိုင်စင်ထုတ်ပေးတာတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ သေနတ်ထိန်းချုပ်ရေးအတွက် တင်းကျပ်တဲ့ အစီအမံတွေ ပြုလုပ်ဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။
ဘန်ကောက်မြို့အတွင်း ပထမအကြိမ် ပစ်ခတ်မှုမှာ အောက်တိုဘာ ၃ ရက်က ဆီရမ် ပါရာဂွန် ရှော့ပင်းမောလ်မှာ အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ရာမှ လူ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သလို ဘန်ကောက်မြို့ ကလောင်တိုအီနယ်မြေရှိ ဆရာမတစ်ဦးဟာလည်း နိုဝင်ဘာ ၁၁ ရက်က ပြိုင်ဘက်ကျောင်းသားဂိုဏ်းတွေ လမ်းပေါ်က ထိပ်တိုက်တွေ့ဆုံမှုမှာ မတော်တဆသားကောင်ဖြစ်ခဲ့ရကာ ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် မကြာသေးမီက အသက် ၁၅ နှစ်အရွယ် ကျောင်းသူတစ်ယောက်ဟာလည်း စွမ်လောင်ခရိုင်မှာ လူငယ်လူဆိုးဂိုဏ်းတွေ ရန်ဖြစ်နေချိန် ကျည်ဆန်ထိမှန်ခဲ့ပါတယ်။
Ref; Bangkok Post