၂၄. ၁၁. ၂၀၂၃
Translated by Htwe Ko Tun
အစ္စရေးနှင့် ဟားမားစ်အုပ်စုတို့အကြား သဘောတူညီခဲ့ကြသော ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဟားမားစ်တို့က ဖမ်းဆီးထားသော ဓားစာခံများအနက် ၁၃ ဦးကို နိုဝင်ဘာ ၂၄ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် စတင်လွှတ်ပေးမည်ဖြစ်ကြောင်း သိရပြီး လွှတ်ပေးမည့်သူများ၏ အမည်စာရင်းများကို အစ္စရေးဘက်မှ ပြန်လည်ရရှိထားပြီးဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် နေတန်ရာဟုက အတည်ပြုပြောကြားခဲ့သည်။
သဘောတူညီချက်အရ လေးရက်ကြာ အပစ်အခတ်ရပ်စဲမှုအတွက် ဟားမားစ်တို့က ဖမ်းဆီးထားသော ဓားစာခံများအနက် ၅၀ ဦးကို ပြန်လွှတ်ပေးသွားမည်ဖြစ်ရာ ပထမဆုံးအသုတ်အဖြစ် ၁၃ ဦးကိုလွှတ်ပေးခြင်းဟုလည်း သိရသည်။
သို့သော် ဟားမားစ်တို့က အစ္စရေးတပ်ဖွဲ့များ Al Shifa ဆေးရုံမှ ပြန်လည်ဆုတ်ခွာပေးရန် တောင်းဆိုချက်ကိုမူ နိုဝင်ဘာ ၂၃ ရက်တွင် ပြင်းပြင်းထန်ထန်ပင် ငြင်းဆိုခဲ့ကြောင်းသိရသည်။
အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဒန်နီယယ် ဟာဂါရီက သဘောတူညီချက်အရ အစ္စရေးတပ်ဖွဲ့များက ဂါဇာဒေသအတွင်း အပစ်အခတ်ရပ်စဲရေးလိုင်း၏ အတွင်းဘက်တွင် ဆက်လက်ရှိနေကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက ယာယီအပစ်အခတ်ရပ်စဲရေးကာလအတွင်း အစ္စရေးတို့အနေဖြင့် လွတ်လပ်စွာသွားလာမှုကို ခွင့်ပြုမည်ဖြစ်ကြောင်းလည်းပြောခဲ့သည်။
အစ္စရေး ကာကွယ်ရေးတပ်ဖွဲများနှင့် Shin Bet ခေါ် ပြည်တွင်းလုံခြုံရေးအဖွဲ့အစည်းတို့က အစ္စရေးတပ်ဖွဲ့များအနေဖြင့် Al Shifa ဆေးရုံ၏ ညွှန်ကြားရေးမှူးဖြစ်သူကို ဖမ်းဆီးခဲ့ကြောင်းလည်း နိုဝင်ဘာ ၂၃ ရက်တွင် အတည်ပြုခဲ့သည်။
အစ္စရေးကာကွယ်ရေးဝန်ကြီး ယို့ဗ် ဂယ်လန့်က “စစ်ပွဲက ယာယီရပ်ဆိုင်းပေးလိုက်တာဖြစ်တယ်။ ဒီကာလမှာ သူတို့က လူသူလက်နက်ပြန်စုကြမယ်လို့ မျှော်လင့်ရတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ လုံးဝအောင်ပွဲရတဲ့အထိ စစ်ကို ဆက်တိုက်ရဦးမှာပဲ” ဟု ပြောခဲ့သည်။
Ref: Jerusalem Post