၂၄. ၁၁. ၂၀၂၃
Written by Nyein Kyaw
သင်္ဃန်းကျွန်းမြို့နယ်၊ သွပ်ဝိုင်းကြီးရပ်ကွက်၊ နီလာလမ်းတွင် နေထိုင်သည့် ဦးလေး၏အိမ်သို့ တူဖြစ်သူက မုန့်ပုံးဖြင့် လာကန်တော့ရာမှ နေအိမ်တွင် လူမရှိသည်ကို သိရှိပြီးနောက် ၎င်း၏အပေါင်းအသင်းများကို အချက်ပြခေါ် ပြီး အကြမ်းဖက်လုယက်၍ ဦးလေးဖြစ်သူ လည်ပင်းပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း သုဝဏ္ဏပရဟိတအသင်းမှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သွပ်ဝိုင်းကြီးရပ်ကွက်၊ နီလာလမ်းရှိ ဦးလေးဖြစ်သူနေအိမ်သို့ တူဖြစ်သူက လာရောက်ကန်တော့ပြီး အိမ်တွင်လူမရှိသည်ကို သိရှိပြီးနောက် ၎င်း၏အပေါင်းအပါ နှစ်ဦးကို အချက်ပြခေါ်ပြီး အကြမ်းဖက်လုယက်ခဲ့သဖြင့် အိမ်ရှင်ဦးလေးဖြစ်သူ၏ လည်ပင်းတွင် ပြတ်ရှဒဏ်ရရခဲ့၍ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ရောက်တဲ့အချိန်မှာ လူနာမရှိတော့ဘူး။ သွေးထွက်လွန်မှာစိုးရိမ်ပြီး သူ့အိမ်ရှေ့က Taxi နဲ့ပဲ ဆေးရုံသွားတာ။ အခုကြားကတော့ လူနာက သက်သာတယ်လို့တော့ သိရတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ဘေးပတ်ဝန်းကျင်က ပြောတာတော့ တူဖြစ်သူက မုန့်ပုံးနဲ့ လာကန်တော့တာ။ ပြီးမှ အိမ်မှာ ဘယ်မှ မရှိဘူးဆိုတာကိုသိပြီး အချက်ပြလှမ်းခေါ်လို့ နောက်ထပ်နှစ်ယောက်ရောက်လာတာလို့တော့ သိရတယ်။ ဒဏ်ရာကတော့ ဘယ်လိုလက်နက်ကြောင့်ရတယ်ဆိုတာတော့ မသိဘူး။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ လူနာလည်းမရှိတော့ဘူး” ဟု သုဝဏ္ဏပရဟိတအသင်းမှ တာဝန်ရှိသူက ပြောသည်။
အကြမ်းဖက်လုယက်သူ တစ်ဦးအား ရပ်ကွက်ရှိ အများပြည်သူများက စုပေါင်းဖမ်းဆီးထားပြီး နယ်မြေခံ ရဲစခန်းတာဝန်ကျမှ သုဝဏ္ဏရဲစခန်းသို့ ကူညီပို့ဆောင်ပေးပါရန် အကူအညီတောင်းခံမှုအရ ရဲစခန်းသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။