၂၄.၁၁.၂၀၂၃
Written by Peya
မန္တလေး-ပြင်ဦးလွင်ကားလမ်း ၁၈ မိုင် ၄ ဖာလုံတွင် အရှိန်လွန် ကားတစ်စီးက အခြားကားတစ်စီးကို တိုက်မိကာ ချောက်ထဲ ကျသွားသောကြောင့် ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းဒေသကြီး ကော်မတီထံက သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ယနေ့ နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်း ၈ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အဆင်းလမ်းတွင် Light Truck ယာဉ်က အရှိန်လွန်၍ အခြားကားတစ်စီးကို တိုက်မိကာ ချောက်ထဲပြုတ်ကျ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“တခြားကားတစ်စီးကို တိုက်ပြီးတော့ ချောက်ထဲ ကျတာပါ။ လမ်းကနေ ပေ ၅၀ ကျော်လောက်အထိကို ရောက်သွားတယ်” ဟု အထက်ပါ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဖြစ်စဥ်တွင် ယာဥ်ပေါ်ပါသူများအနက် အမျိုးသား ၃ ဦးသေဆုံးကာ အမျိုးသမီး ၁ ဦးမှာ စိုးရိမ်ရဒဏ်ရာရပြီး ကျန် အမျိုးသား ၃ ဦးတွင် မစိုးရိမ်ရ ဒဏ်ရာရသွားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် နယ်မြေခံ စေတနာမွန်(အုန်းချော) အသင်းမှ ဆက်သွယ်သတင်းပေးမှုအရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ ရှာဖွေကယ်ဆယ်ရေးယာဥ်နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ထွက်ခွာကာ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကူညီခဲ့ကြောင်းလည်း သိရသည်။