၂၄. ၁၁. ၂၀၂၃
Written by Nay Moe
PDF များ မိုင်းထောင်နေသည်ကို တွေ့မြင်ခဲ့သည့် ပလပ်စတစ်ကောက်သူအား PDF များက လိုက်လံ ချောင်းမြောင်းပစ်ခတ်၍ ကျည်ထိမှန်ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ နိုဝင်ဘာ ၂၁ ရက် နံနက် ၇ နာရီ ၅၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ငွေပုလဲကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းမကြီး မိုင်တိုင် အမှတ် ၂၉၆ မိုင် ၁ ဖာလုံအနီး၌ အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ အဆိုပါနေရာ လမ်းဘေး၌ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်ကျေးရွာနေ ဦးညီညီ(၃၃)နှစ်အား ဝဲတင်ပါးမှကျည်ဖောက်ဝင်ပြီး ဝဲပေါင်ကျည် ဖောက်ထွက် ဒဏ်ရာတစ်ချက်ရရှိထားသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် ရန်ကုန်-မန္တလေး ကားလမ်းဘေး၌ ပလပ်စတစ်ဘူးခွံများ လိုက်လံကောက်ယူနေစဉ် PDF နှစ်ဦး(စိစစ်ဆဲ)က ကျီနီကျေးရွာအနီး၌ မိုင်းထောင်နေသည်ကို တွေ့ရှိခဲ့ပြီးနောက် အဆိုပါ PDF နှစ်ဦးက ၎င်းအားလိုက်လံချောင်းမြောင်းကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု သိရသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျီနီကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းကြီး မိုင်တိုင်အမှတ် ၂၉၂ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံအကြား၌ ဝိုင်ယာကြိုးဖြင့် ချိတ်ဆက်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူအား မိတ္ထီလာခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။