◼️ဗင်နီဇွဲလားဘောလုံးအသင်းအား ပီရူးအစိုးရက ပြန်ပေးဆွဲသကဲ့သို့ ပြုမူဟု ဗင်နီဇွဲလားအစိုးရ စွပ်စွဲ
၂၃. ၁၁. ၂၀၂၃
Translated by Htwe Ko Tun
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တောင်အမေရိကတိုက်အသင်းနှစ်သင်းဖြစ်သည့် ဗင်နီဇွဲလားနှင့်ပီရူးနိုင်ငံ ဘောလုံးအသင်းတို့၏ နိုဝင်ဘာ ၂၁ ရက်တွင်ပြုလုပ်ခဲ့သော ခြေစမ်းပွဲတွင် ဖြစ်ပွားခဲ့သည့် အချင်း များမှုရန်ပွဲက နှစ်နိုင်ငံအကြား သံတမန်ရေးမသင့်မတင့် ဖြစ်ရမှုကိုပင် ဦးတည်ဖြစ်ပွားစေခဲ့ကြောင်း သိရသည်။
ခြေစမ်းပွဲကို ပီရူးနိုင်ငံ၊ လီမာမြို့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဘောလုံးပွဲအပြီးတွင် ဗင်နီဇွဲလားလက်ရွေးစင် အသင်း၏လေယာဉ်ကို ဆီထပ်မံဖြည့်တင်းပေးရန် ပီရူးနိုင်ငံက ငြင်းပယ်ခဲ့ခြင်းက မိမိတို့နိုင်ငံဘောလုံးအသင်းအား ပြန်ပေးဆွဲခြင်းပင်ဖြစ်သည်ဟု ဗင်နီဇွဲလားအစိုးရက နိုဝင်ဘာ ၂၂ ရက်တွင် စွပ်စွဲ ပြောကြားခဲ့သည်။သံတမန်ရေးအရ ကတောက်ကဆတ်ဖြစ်ရမှုက ပွဲအပြီး နိုဝင်ဘာ ၂၁ ရက် ညတွင် ဗင်နီဇွဲလားကစားသမားများက ၎င်းတို့ကိုအားပေးသည့်ပရိသတ်များကို နှုတ်ဆက်ရန်အသွား ပီရူးရဲတပ်ဖွဲ့က ဘောလုံးသမားများအား ရိုက်နှက်ခဲ့ကြောင်း ပြောကြားခဲ့အပြီးတွင် စတင်ဖြစ်ပွားခဲ့ခြင်းဟုလည်း ဆိုသည်။
ထို့နောက်တွင်မူ ပီရူးနိုင်ငံသို့ ဗင်နီဇွဲလားဘောလုံးအသင်းအား သယ်ဆောင်လာသည့် လေယာဉ်ကို ဆီဖြည့်ပေးရန် ပီရူးက တစ်ဖက်သတ်ငြင်းဆိုခဲ့သည်တွင် ပြဿနာက ပိုမိုကြီးထွားလာရကြောင်းနှင့် ပွဲတွင် ထူးထူးကဲကဲ ပီရူးအသင်းအား တစ်ဂိုးစီ သရေကစားနိုင်ခဲ့သော ဗင်နီဇွဲလားအသင်းကို မကျေမနပ် လက်စားချေလိုစိတ်ဖြင့် ပြန်ပေးဆွဲသည့်သဖွယ်ဆောင်ရွက်ခဲ့ခြင်းဟု ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီးဗန်ဂီးလ်က လီမာမြို့တွင် ပြောကြားခဲ့သည်။
ပီရူးအစိုးရကမူ လေယာဉ်အား လောင်စာဆီဖြည့်မပေးရဟု အမိန့်တစ်စုံတစ်ရာမထုတ်ပြန်ထားကြောင်းနှင့် အခြေအနေကို တစ်ဆင့်ချင်းစီ ဖြေရှင်းသွားမည်ဟုပြန်လည်ပြောကြားခဲ့သည်။ အဆိုပါလေယာဉ်က ပီရူးနိုင်ငံ၏ထိန်းချုပ်မှုကိုလွန်ကာ ပုဂ္ဂလိကစီးပွားရေးအထောက်အပံ့တင်းကျပ်မှုများနှင့် ငြိစွန်းနေသည်ဟုလည်း ပီရူးအစိုးရက ထပ်မံပြောကြားခဲ့သည်။
ထို့မတိုင်မီ နာရီအနည်းငယ်တွင်လည်း ဗင်နီဇွဲလားဘောလုံးသမား နာဟူးလ် ဖာရာရီဆီက ၎င်း၏ညာဘက်လက်ရှိ ပတ်တီးများကိုပြကာ ပီရူးရဲတပ်ဖွဲ့က ၎င်းအားရိုက်နှက်ခဲ့ကြောင်း ပြောခဲ့သည်။ ၎င်းက “ဒါ ဖြစ်သင့်တဲ့ကိစ္စတွေမဟုတ်ဘူး။ ပွဲကပြီးသွားပြီ။ ကျွန်တော်တို့အနေနဲ့ ကိုယ့်အသင်းကို ထောက်ခံအားပေးသူမှန်သမျှကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဖာရာရီဆီနှင့်ကစားဖော်တစ်ဦးက ကစားပွဲအပြီး ၎င်းတို့၏ဂျာစီများကိုချွတ်ကာ ပရိသတ်ထံသို့ပစ်ပေးနေစဉ်ပီရူးရဲတပ်ဖွဲ့က ၎င်းတို့အားဝင်ရောက်ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။ ဖာရာရီဆီက “ဒီလိုဝင်ပိတ်ဆို့တော့ အားလုံးက စိတ်ဆိုးကုန်ကြတယ်။ ကျွန်တော့်လည်း ဘာဖြစ်လို့မှန်းမသိဘူး။ ဒီမှာသူတို့က နံပါတ်တုတ်တွေပါထုတ်ပြီး ကျွန်တော်တို့ကိုရိုက်တာပဲ။ ကျွန်တော့်ကိုဆိုရင် နှစ်ချက်အရိုက်ခံရတယ်။ ဒါပေမယ့် ပြင်းပြင်းထန်ထန်ဒဏ်ရာကြီးတော့မရခဲ့ဘူး” ဟု ပြောကြားခဲ့သည်။
လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုများတွင်လည်း ပီရူးရဲအရာရှိများက နံပါတ်တုတ်များကိုဝှေ့ယမ်းလျက် ကစားသမားများကို ရိုက်နေသည်ကို တွေ့ကြရသည်။ ဗင်နီဇွဲလားဘောလုံးအဖွဲ့ချုပ်ကလည်း ထိုလုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကာ ၎င်းက ခွဲခြားဆက်ဆံခြင်းနှင့် နိုင်ငံခြားသားကို မလိုလားမုန်းတီးမှုတို့၏ ဆောင်ရွက်ချက်လက္ခဏာများဟု ပြောခဲ့သည်။
ဘောလုံးပွဲမတိုင်မီ ရဲတပ်ဖွဲ့က ပြုလုပ်နေကျမဟုတ်သော ပရိသတ်အတွင်း မှတ်ပုံတင်အထောက်အထား စစ်ဆေးမှုကိုလည်း ပြုလုပ်ခဲ့သည်။ ၎င်းက ဗင်နီဇွဲလားနိုင်ငံသားများကို ပစ်မှတ်ထားဆောင်ရွက်ခြင်းဟုလည်း ဆိုကြသည်။ ပီရူးအစိုးရအား နိုင်ငံခြားသားများကိုနှင်ထုတ်ရန် လုပ်ပိုင်ခွင့်အပ်နှင်းသည့် အငြင်းပွားဖွယ်အမိန့်ဒီကရီတစ်ရပ် ပြဌာန်းခဲ့ပြီးနောက် တစ်ပတ်ခန့်အကြာတွင် ပီရူးရဲတပ်ဖွဲ့က ဤသို့ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။ ပီရူးနိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံ၏ စီးပွားရေးအကျပ်အတည်းကြောင့် အမိနိုင်ငံမှထွက်ပြေးလာကြသူ အများအပြားပါဝင်သော စုစုပေါင်း ၁ ဒသမ ၅ သန်း အရေအတွက်ရှိ ဗင်နီဇွဲလားနိုင်ငံသားတို့ လာရောက်ခိုလှုံ နေထိုင်ရာနိုင်ငံလည်းဖြစ်သည်။
Ref—– Le Monde, AFP