October 19, 2024

၂၃. ၁၁. ၂၀၂၃
Written by Nay Aung

အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက အိန္ဒိယနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံကို မလိုအပ်ဘဲ ခရီးသွားခြင်းမှ ရှောင်ရှားရန် တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေရာ လုံခြုံရေးအခြေအနေများနှင့်ပတ်သက်ပြီး စိုးရိမ်မှုဖြစ်ရကြောင်း၊ အိန္ဒိယ နယ်စပ်အနီးတွင်လည်း မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ပြီးခဲ့သောရက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြီးခဲ့သောရက်ပိုင်းကလည်း မြန်မာနိုင်ငံတွင် နေထိုင်နေသည့် အိန္ဒိယနိုင်ငံသားများကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတွင် မှတ်ပုံတင်အမည်စာရင်းတင်သွင်းထားရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက “မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေများကြောင့် အိန္ဒိယနိုင်ငံသားအားလုံးအနေနဲ့ မြန်မာနိုင်ငံကိုမလိုအပ်ဘဲ ခရီးသွားတာတွေကို ရှောင်ရှားဖို့ တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာရှိနေတဲ့ အိန္ဒိယနိုင်ငံသားတွေလည်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အရပ်ဒေသတွေကို ခရီးသွားတာတွေကိုရှောင်ရှားတာ၊ ဒါမှမဟုတ် ဂရုစိုက်သွားတာလုပ်ဖို့ တိုက်တွန်းပါတယ်”ဟု ပြောသည်။

ထို့အပြင် အိန္ဒိယနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံကို ကုန်းလမ်းဖြင့်ခရီးသွားခြင်းကိုလည်း ရှောင်ရှားစေလိုကြောင်း အိန္ဒိယအစိုးရက သတင်းထုတ်ပြန်ထားသည်။ အိန္ဒိယအစိုးရက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိစေရန် တိုက်တွန်းတောင်းဆိုကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာရင်ဒမ် ဘတ်ချီက ပြီးခဲ့သော သီတင်းပတ်အတွင်း ထုတ်ဖော်ပြောဆိုထားသည်။

Ref; indiatimes

Leave a Reply

Your email address will not be published. Required fields are marked *