၂၂. ၁၁. ၂၀၂၃
Written by Nyein Kyaw
ကယားပြည်နယ်၊ လွိုင်ကော်မြို့အနီးရှိ လူနေရပ်ကွက်များအတွင်းသို့ KNPP အဖွဲ့က ဝင်ရောက်ပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေအတွင်း ကယားစစ်ဘေးရှောင် ၁၀၀၀၀ ကျော်အထိ ရောက်ရှိနေပြီး တပ်မတော်၊ PNLO နှင့် ပအိုဝ်းဒေသခံများ ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားသည်။
“ကယားပြည်နယ်မှာ ကျွန်တော်တို့ လွိုင်ကော်မြို့တဝိုက်မှာ စစ်ရေးနဲ့မဆိုင်တဲ့ လူနေရပ်ကွက်တွေထဲကို ဝင်ရောက်တာတွေ၊ ပစ်ခတ်တာတွေကို KNPP အနေနဲ့ ဆက်လက်လုပ်ဆောင်တာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နေတဲ့အတွက်လည်း ကျွန်တော်တို့ ကယားပြည်နယ်နဲ့ ဆက်စပ် ရှမ်းပြည်နယ်တောင်ပိုင်း PNLO ပအိုဝ်း အခြေပြုဒေသတွေမှာ ကယားပြည်နယ်က စစ်ဘေးရှောင် တစ်သောင်းကျော်လောက် ရောက်ရှိနေတာကို တွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
လက်ရှိတွင် ပအိုဝ်းဒေသအတွင်းရှိ စစ်ဘေးရှောင်များအတွက် တပ်မတော်၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့အချုပ် (PNLO)နှင့် ပအိုဝ်းဒေသများပူးပေါင်းကာ ခိုလှုံရေးစခန်း ၂၀ ကျော် တည်ဆောက်ပြီး ကူညီလက်ခံပေးထားကြောင်း သိရသည်။
“ခိုလှုံဖို့စခန်းတွေလည်း ၂၀ ကျော်လောက် ဆောင်ရွက်ထားရတာရှိပါတယ်။ ဒီဒေသတွေမှာ ပအိုဝ်းဒေသခံများ၊ PNLO အဖွဲ့များနှင့် အစိုးရတို့ပူးပေါင်းပြီး ကျွန်တော်တို့ စစ်ဘေးရှောင်များအတွက် လုပ်ဆောင်ပေးနေတာတွေရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ကယားပြည်နယ်(ကရင်နီပြည်နယ်)မှ စစ်ဘေးရှောင်လာသည့် လူမျိုးပေါင်းစုံပြည်သူများသည် မိမိတို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့အချုပ် (PNLO)၏ အခြေပြုဒေသခံများတွင် လာရောက်ခိုလုံနိုင်ပါကြောင်းနှင့် မိမိတို့တတ်အားသမျှ ကူညီပေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်တွင် PNLO က အသိပေးထားသည်။