MT News
၂၂. ၁၁. ၂၀၂၃
တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာနက ညွှန်ကြားရေးမှူးချုပ် Liu Jinsong နဲ့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေတို့ နိုဝင်ဘာ ၂၁ ရက်က တွေ့ဆုံခဲ့ပြီး တရုတ်- မြန်မာ နှစ်နိုင်ငံစလုံး အရေးစိုက် ဖြေရှင်းနေတဲ့ ကိစ္စရပ်တွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
လတ်တလောမှာ နှစ်နိုင်ငံကြား အရေးစိုက်ဖြေရှင်းနေတဲ့ အထူးတလည်ကိစ္စရပ်တစ်ခုဟာ အွန်လိုင်းလိမ် လည်မှုဖြစ်စဥ်တွေလို့ အားလုံးက သိရှိထားသလို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်အထိ မြန်မာဘက်က တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူလို့ သံသယရှိသူ ၃၁၀၀၀ ကျော် တရုတ်ဘက်ကို လွှဲပြောင်းပေးထားတယ်လို့ တရုတ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒါ့အပြင် နိုဝင်ဘာ ၁၉ ရက်မှာ ၁၀၁၇ ဦး၊ နိုဝင်ဘာ ၂၀ ရက်မှာ ၁၀၄၂ ဦး၊ နိုဝင်ဘာ ၂၁ ရက်မှာ ၁၈၅၉ ဦးနဲ့ ဒီနေ့ ၁၂၈၈ ဦး စုစုပေါင်း လေးကြိမ်လွှဲပြောင်းပေးမှုအရ တရားမဝင်နေထိုင်သူ တရုတ်နိုင်ငံသား အမျိုးသား ၄၈၂၄ ဦး၊ အမျိုးသမီး ၃၈၂ ဦး စုစုပေါင်း ၅၂၀၆ ဦးအထိ ထပ်မံ လွှဲပြောင်းပေးအပ်ထားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ ပြောကြားထားပါတယ်။
ဒါ့အပြင် အွန်လိုင်းလိမ်လည်တဲ့ ဂိုဏ်းအများအပြားဖြိုခွင်းနိုင်ခဲ့ပြီး အွန်လိုင်းလိမ်လည်မှု ကျုးလွန်သူအများအပြားကို ဖမ်းဆီး လွှဲပြောင်းပေးနိုင်ခဲ့တဲ့အတွက် ကျားဖျန့်ဂိုဏ်းတွေ နှိမ်နင်းမှုက သိသိသာသာရလဒ်ကောင်းခဲ့တယ်လို့လည်း တရုတ်၊ ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးဌာနက ပြောထားပါသေးတယ်။