October 23, 2024

၂၁. ၁၁. ၂၀၂၂

Written by Hey Mar၊ Pan Ei

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ပထမနှစ် (ပထမနှစ်ဝက်) နေ့သင်တန်းများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ၂၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပထမနှစ်တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ တက္ကသိုလ်အသီးသီး၌ စတင်တက်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

“ဒဂုံတက္ကသိုလ်မှာတော့ ပထမနှစ်ကျောင်းသား၊ ကျောင်းသူတွေ အများကြီး လာတက်ကြတယ်။ စိတ်မချတဲ့ ကလေးတွေရဲ့ မိဘတွေရော လိုက်ပို့ကြတာ။ အများကြီး အုံးအုံးထနေတာပဲ” ဟု ဒဂုံတက္ကသိုလ်တွင် ဓာတု​ဗေဒမေဂျာဖြင့် တက်ရောက်နေသူ ကျောင်းသူတစ်ဦးက ပြောသည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ပထမနှစ် (ဒုတိယနှစ်ဝက်) နှင့် ဒုတိယနှစ်မှ မဟာဘွဲ့သင်တန်းများအထိ နေ့သင်တန်းများအားလုံးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာထားပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ပထမနှစ် (ပထမနှစ်ဝက်) နေ့သင်တန်းများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ၂၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဟု ကြေညာခဲ့သည်။

ထိုသို့ ကြေညာခဲ့ပြီးနောက် တက္ကသိုလ်တက်ရောက်သော ကလေးငယ်များကို လိုက်လံတိုက်ခိုက်နေသည့် Page များလည်း ထွက်ပေါ်လာပြီး “Chemistry and Biochemistry of DU” ကဲ့သို့ Page များက ကျောင်းတက်လာသည့် ကလေးငယ်များကို တိုက်ခိုက်မှုပြုလုပ်နေသည်။ ဒဂုံတက္ကသိုလ်တွင် ပြီးခဲ့သည့် မေလက တက္ကသိုလ်ပြန်လည်တက်ရောက်သူ ၇၀၀ ကျော် ရှိခဲ့သည်။ လက်ရှိတွင် ပထမနှစ်တက္ကသိုလ်သင်တန်း တက်ရောက်သူများအပါအဝင် တက်ရောက်သူ ၁၀၀၀ ကျော် ရှိလာခဲ့ပြီဖြစ်ပြီး ဓာတုဗေဒဘာသာရပ်တစ်ခုတတွင် ပထမနှစ်သက်တန်းတက်ရောက်ခွင့်ရသူ ၁၆၀ ဦး ရှိခဲ့သည်။

ရန်ကုန်တက္ကသိုလ် ရှိ မေဂျာအသီးသီးမှ ပထမနှစ်အတန်းများလည်း ယနေ့တွင် စတင်ဖွင့်လှစ်သင်ကြားနေသည်။ သို့သော် လာရောက်ကျောင်းတက်သည့် ကျောင်းသား ကျောင်းသူ အရေအတွက်မှာ အနည်းငယ်သာ ရှိနေသေးပြီး ကျောင်းသား ကျောင်းသူမိဘများ မိမိတို့၏ သားသမီးများကို လိုက်လံ ကျောင်းပို့စောင့်ဆိုင်းနေကြသည်ကိုလည်း MT News မှ တွေ့ရှိရသည်။

ယခုနှစ်တွင်မှ လှိုင်တက္ကသိုလ် နယ်မြေတွင် စတင်ဖွင့်လှစ်သင်ကြားသည့် ပထမနှစ် Enviromental Science အထူးပြု တက်ရောက်နေသည့် ကျောင်းသူတစ်ဦး၏ ဖခင်မှ “သမီးက လှိုင်မှာ တက်ရတာ။ ဒီမှာက Practical လာလုပ်ရတာ။ ဒီမှာပဲ အမြဲလာရမယ်ထင်တယ်။ ဒီနေ့က ပထမနေ့ဆိုတော့ သူတို့ကျောင်းကလည်း ဘာမှ ကြိုပြင်ဆင်ထားတာမရှိသေးဘူး။ ဒါကြောင့် ကျွန်တော်တို့ပဲ ကျောင်းသား ကျောင်းသူ ၁၇ ယောက်ကို ဦးဆောင်လိုက်ပို့ပေးပြီး အခု အပြီးကို ထိုင်စောင့်ပေးနေကြတာ။ ပြီးရင် ကျောင်းကို ပြန်မပို့တော့ဘူး။ ဒီနေ့ အချိန်ဇယားအရ ဒါပြီးရင် ပြီးပြီ။ ကျွန်တော်တို့ ရပ်ကွက်မှာလည်း တက္ကသိုလ်ကျောင်းကားတွေ ပြန်ထွက်နေပေမယ့် ကျွန်တော့်လမ်းထဲတော့ ကျွန်တော့်သမီး တစ်ယောက်ပဲ အရင်ဆုံးတက်တာပါ။ ကျန်ကလေးတွေလည်း သူတို့မိဘတွေက အခြေအနေကြည့်နေကြသေးတာပေါ့။ တက်ကြမှာပါ”ဟု MT News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

လက်ရှိပညာသင်နှစ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် နေပြည်တော် နည်းပညာတက္ကသိုလ်၌ (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၏ ပထမနှစ်သင်တန်းများကို စတင်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပြီး Naypyitaw State Academy ကို ထည့်သွင်းရေတွက်မည်ဆိုပါက ပညာရေးဝန်ကြီးဌာနအောက်၌ တက္ကသိုလ်၊ ဒီဂရီ ကောလိပ် ၇၅ ကျောင်းနှင့် ဝန်ကြီးဌာန ၁၁ ခု၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းများအပါအဝင် စုစုပေါင်း ၁၇၅ ကျောင်း ဖွင့်လှစ်သင်ကြားပေးနေသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ ၃ သိန်းကျော်ရှိခဲ့သော်လည်း အမှန်တကယ်လာရောက်ဖြေဆိုသူ ၂၈၁၇၅၁ ဦးသာရှိကာ အောင်မြင်သူ ၁၃၂၀၇၇ ဦး ရှိသဖြင့် ယနေ့တွင် ပထမနှစ်သင်တန်းများသို့ ကျောင်းသား၊ ကျောင်းသူတစ်သိန်းကျော် စတင်တက်ရောက်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *