October 19, 2024

၂၃. ၁၁. ၂၀၂၃
Written by Nay Aung

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ ချန်ဖိုင်တရားရုံးသည် မြန်မာတပ်မတော်သားဟောင်းတစ်ဦးကို စုံတွဲတစ်တွဲအား တိုက်ခိုက်မှုအပြင် ဇနီးဖြစ်သူကိုတိုက်ခိုက်ရန် ကြိုးပမ်းမှုများကြောင့် ထောင်ဒဏ် ၁၀နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း အိန္ဒိယအခြေစိုက်သတင်းများတွင်ဖော်ပြထားသည်။

တရားသူကြီး Sylvie Zomuanpuii Ralte က ၂၀၂၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ချန်ဖိုင်ဒေသရှိ ခိုလှုံရေးစခန်း၌ လာရောက်နေထိုင်နေသော တပ်မတော်သားဟောင်း မင်းအောင် ဆိုသူကို အပြစ်ရှိကြောင်း လက်ခံယုံကြည်ကြောင်း ပြောခဲ့သည်။ တရားရုံးသည် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ရန်ကြိုးပမ်းအားထုတ်မှုအတွက် မင်းအောင် ဆိုသူကို ထောင်ဒဏ် ၇ နှစ်အပြင် စုံတွဲတစ်တွဲကို ဒဏ်ရာရအောင် တိုက်ခိုက်မှုများကျူးလွန်ခဲ့ခြင်းကြောင့် နောက်ထပ် ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခဲ့ကြောင်း သိရသည်။

အိန္ဒိယတရားရုံးသည် မင်းအောင်ကို အဆိုပါအမှုနှစ်ခုနှင့်ပတ်သက်ပြီး ရူပီး ၃၀၀၀ ဒဏ်ငွေချမှတ်ခဲ့ကြောင်း သိရသည်။ ဒဏ်ငွေပေးဆောင်နိုင်ခြင်းမရှိပါက မင်းအောင် သည် နောက်ထပ် ထောင်ဒဏ် ၃ လ ပြစ်ဒဏ်ထပ်မံကျခံရမည်ဖြစ်ကြောင်း ချန်ဖိုင်တရားရုံးက အမိန့်ထုတ်ပြန်ထားသည်။

မင်းအောင်သည် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံဘက်ခြမ်းမှ အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ကို သေနတ်ဖြင့် အတူ ထွက်ပြေးလာခဲ့ပြီး ချန်ဖိုင်ဒေသရှိ ဇိုတီကျေးရွာက ကယ်ဆယ်ရေးစခန်းတွင် နေထိုင်ခဲ့ကြောင်း သိရသည်။ မင်းအောင်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလက ယာယီကယ်ဆယ်ရေးစခန်းတွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား စုံတွဲတစ်တွဲ၏အခန်းအတွင်းကို အတင်းဝင်ရောက်ကာ အရက်နှင့် မူးယစ်ဆေး ဝယ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ မြန်မာနိုင်ငံသား စုံတွဲက ငြင်းဆန်ချိန်တွင် အငြင်းပွားမှုများဖြစ်ပွားခဲ့ကာ တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယသတင်းတွင် ဖော်ပြထားသည်။

Ref; PTI

Leave a Reply

Your email address will not be published. Required fields are marked *