October 19, 2024

၂၃. ၁၁. ၂၀၂၃
Written by Peya

ရက်တချို့ကြာ ပိတ်နေခဲ့သည့် ရန်ကုန် – မြစ်ကြီးနား လမ်းပိုင်း ပြန်ပွင့်သည့်အတွက် ယနေ့တွင် ကုန်စည်တင်ယာဉ်များ စတင်စမ်းသပ်သွားလာနေပြီ ဖြစ်ကြောင်း အဝေးပြေးယာဉ်လိုင်းများထံ MT News သတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့မှုအရ သိရသည်။

အဆိုပါ လမ်းကြောင်း ပိတ်နေသည်မှာ ၆ ရက်ခန့် ကြာမြင့်ပြီးနောက် ယခုအခါ ကုန်စည်တင်ယာဉ်များ စတင် သွားလာနေခြင်းဖြစ်ကြောင်း ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူက သိရသည့် အချက်အလက်များကို ကိုးကား၍ ဖြေကြားသည်။

“လွန်ခဲ့တဲ့ ခြောက်ရက်လောက်တည်းက ပိတ်နေတာ။ ဒီနေ့ သိရတဲ့ ဖုန်းသတင်းအရ စပြီးတော့ သွားနေပြီ။ ပွင့်တာကတော့ မနေ့တည်းက ပွင့်တယ်လို့ ပြောတယ်။ ဒါပေမယ့်လည်း ဒီနေ့မှ စပြီးတော့ သွားကြတာပေါ့။ ပြင်ဆင်တာက ရှိနေသးတာလေ။ ကုန်စည်ကော လူကော ဒီနေ့ စသွားပြီလို့ သိရတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ထို့အပြင် လက်ရှိကာလအတွင်း ကုန်စည်ပို့ဆောင်မှုမှာ ယခင်ထက် ကျဆင်းနေကာ လမ်းကြောင်း ကြန့်ကြာမှုကြောင့် ဆေးဝါး၊ တာရှည်ခံ အစားအသောက်နှင့် အဝတ်အထည်ကိုသာ အများဆုံး ပို့ဆောင်မှုရှိနေကြောင်းလည်း သိရသည်။

“အခုက အရင်ထက် ကုန်စည်ပို့တာက နည်းသွားတယ်။ လမ်းမှာကလည်း ကုန်တွေက ကြာတတ်တော့ ကုန်သည်တွေဘက်က စဉ်းစားတာမျိုးလည်း ဖြစ်မယ်။ တချို့ လမ်းကြောင်းတွေမှာက ကုန်စည်ပို့ရင် အရင်ကဆို ဒီနေ့ပို့ မနက်ဖြန်၊ သန်ဘက်ခါလောက် ရောက်တယ်။ အခုက ကြာနေတော့ နည်းသွားတာလည်း ဖြစ်နိုင်တယ်” ဟု ဂိတ်မှူးတစ်ဦးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *