October 19, 2024

၂၃ .၁၁.၂၀၂၃
Written By Thandar

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲမှာ ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို ရရှိခဲ့တဲ့ အကယ်ဒမီ ဂျီသရီး (G3) ဟာ အသက် ၃၇ နှစ်အရွယ် ဒီနေ့ မနက် ၁၁ နာရီဝန်းကျင်မှာ အသည်းရောဂါနဲ့ မြောက်ဥက္ကလာပဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ ဖခင်ဖြစ်သူ ဒါရိုက်တာ မောင်တင်ငြိမ်း (ရှုမဝ) က MTNEWS Entertainment ကို ပြောပါတယ်။

“ပထမ အသည်းရောင်တော့ ဆေးရုံပို့လိုက်‌တော့ အရက်မသောက်ရတော့ဘူး။ အသည်းကလည်း သိပ်မကောင်းတော့ဘူး။ အသည်းအစားထိုး ကုသရင်တော့ တတ်နိုင်ရင် ကုသဖို့ ဆေးရုံကပြောတယ်။ အသည်းတစ်ခြမ်း မကောင်းဝောာ့ဘူးဆိုလို့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကမှ ဆေးရုံတက်ခဲ့တယ်။ ဆေးရုံက ပြန်ဆင်းလာတာ အိမ်မှာ တစ်ပတ်နီးပါးရှိတော့မယ်။ မနေ့က ညကမှ ဝမ်းတွေသွားတယ်။ သတိလစ်သွားတယ်။ နောက် သွေးတွေ အန်ပြီး နေမ‌ကောင်းလို့ အပြင်ဆေးရုံပြတော့ လက်မခံလို့ ဆေးရုံကြီးပြန်တက်ရတယ်။ ဒီနေ့ မနက် ၁၁ နာရီ‌လောက်က မြောက်ဥက္ကလာပဆေးရုံမှာ သွေးသွင်းဖို့ လုပ်နေရင်းက ဆုံးသွားတာပါ” လို့ ဖခင်ဖြစ်သူ ဒါရိုက်တာ မောင်တင်ငြိမ်း (ရှုမဝ) က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-23_14-07-20.jpg

အကယ်ဒမီ ဂျီသရီး ကွယ်လွန်သွားတဲ့အပေါ် အနုပညာအသိုင်းအဝိုင်းက အနုပညာရှင်များစွာက ဝမ်းနည်းနေကြတာလည်းဖြစ်ပါတယ်။ သူဟာ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ တွဲဖက်အတွင်းရေးမှုးလည်းဖြစ်ပါတယ်။

“သူက မကြာသေးမီက ပြုလုပ်ပြီးတဲ့ အကယ်ဒမီ ဆုပေးပွဲမှာ တည်းဖြတ်ဆုရထားတဲ့သူပါ။ ကျန်းမာရေးကြောင့် ဆေးရုံတက်ရတယ်လို့ သတင်းကြားပြီး ဒီနေ့ မနက်ပိုင်း ကွယ်လွန်သွားပြီ ကြားရတော့ စိတ်မကောင်းဖြစ်မိတယ်။ တည်းဖြတ်အနုပညာရှင်တစ်ယောက် ကွယ်လွန်အနိစ္စရောက်ကြောင်းသိရလို့ မိသားစုနဲ့ ထပ်တူဝမ်းနည်း ကြေကွဲရပါတယ် “လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌဦးအေးကြူလေးက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-23_14-07-29-1004x1024.jpg

သူ့ရဲ့ ဈာပနအခမ်းအနားကို လာမယ့် နိုဝင်ဘာ ၂၅ ရက်နေ့လည်ပိုင်းမှာ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ၂၉ ရပ်ကွက်ရှိ အောင်မာဃလမ်း အိမ်အမှတ် ၅၂၁ နေအိမ်ကနေ ကားများစတင်ထွက်ခွာမှာဖြစ်ပြီး မွန်းလွဲ ၃ နာရီမှာ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ မီးသင်္ဂြိုလ်သွားမယ်လို့ သိရပါတယ်။

အကယ်ဒမီ တည်းဖြတ်ထူးချွန်ဆုရ ဂျီသရီး (​G3) က ၂၀၁၉ ၊ ၂၀၂၀ နဲ့ ၂၀၂၂ ခုနှစ်တွေအတွက် သုံးနှစ်စာ မြန်မာ့ရုပ် ရှင်ထူးချွန်ဆုချီးမြှင့်ပွဲမှာ အကောင်းဆုံး ရုပ်ရှင် တည်းဖြတ်ဆုကို ကျော်ခိုင်စိုးနဲ့ အတူ ၁၀၁၄ ရုပ်ရှင်ဇာတ်ကားနဲ့ ဆုရရှိထားသူဖြစ်ပြီး လက်ရှိမှာ ဖခင်ဖြစ်သူ ဒါရိုက်တာ မောင်တင်ငြိမ်း (ရှုမဝ)နဲ့ အတူ ယောက်ျား ကောင်း အတောင်နှစ်ဆယ် ရုပ်ရှင်ဇာတ်ကားရဲ့ တွဲဖက်ဒါရိုက်တာတစ်ဦးအနေနဲ့ ပါ၀င် ရိုက်ကူးထားသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *