October 19, 2024

၂၃. ၁၁. ၂၀၂၃
Written by Nyein Kyaw

သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းမကြီး၊ သုဝဏ္ဏ ကျောင်းလမ်းမှတ်တိုင်အနီးတွင် ကယ်ရီသမားတစ်ဦးက အမျိုးသားတစ်ဦးကို ရိုက်နှက်ပြီး လမ်းလယ်တွင် ပစ်ထားခဲ့၍ ယာဉ်တစ်စီးမှတက်ကြိတ်မိသဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သုဝဏ္ဏပရဟိတအသင်းမှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၂ ရက် ည ၁၀ နာရီကျော်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်း၊ ၂၅ ရပ်ကွက်၊ သုဝဏ္ဏ ကျောင်းလမ်းကားမှတ်တိုင်အနီး Max စက်သုံးဆီဆိုင်ရှေ့ရှိ ကားလမ်းမပေါ်တွင် ကယ်ရီသမားက အသက် ၅၀ ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးအား လမ်းလယ်တွင် ရိုက်ပြီးပစ်ထားခဲ့၍ အဆိုပါအမျိုးသားအား ကားတက်ကြိတ်ကာ ဦးခေါင်းပွင့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဟိုရောက်တော့ ကားကကြိတ်ပြီးသားတွေ့တာ။ ကယ်ရီသမားက ရိုက်တယ်တဲ့။ ဒါက ဘေးပတ်ဝန်းကျင်က ပြောတာကို ပြောတာ။ လမ်းလယ်မှာပဲ ရိုက်ပြီးတော့ ထားခဲ့တယ်။ ညဘက်ဆိုတော့ ကားကမတွေ့ဘဲ တက်ကြိတ်သွားတာ” ဟု သုဝဏ္ဏပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တက်ကြိတ်သွားသည့် ယာဉ်မှာလည်း ထွက်ပြေးသွားခဲ့ပြီး သေဆုံးသူရုပ်အလောင်းအား ပိုင်ရှင်မဲ့အဖြစ် သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *